မော်လမြိုင်၊ အောက်တိုဘာ (၂၂)

စစ်ကောင်စီအရာရှိတွေ အပါအဝင် အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရတာ ခပ်စိပ်စိပ် ဖြစ်လာနေချိန်မှာ မွန်ပြည်နယ်အတွင်းက Non CDM ဝန်ထမ်းတွေကို မလိုအပ်ရင် အပြင်မသွားဖို့နဲ့ အပြင်သွားတဲ့အခါ ရုံးဝတ်စုံမဝတ်ကြဖို့ စစ်ကောင်စီက နှုတ်နဲ့ညွှန်ကြားထားတယ်လို့ ဝန်ထမ်းအချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီညွှန်ကြားချက်ကို အခုတစ်ပတ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်တွေက ဌာနဆိုင်ရာအကြီးအကဲတွေထံ ဖုန်းနဲ့ညွှန်ကြားခဲ့တာလို့ဆိုပါတယ်။

အဲဒီညွှန်ကြားချက်ထဲမှာ ရုံးလာတက်ပါက အရပ်ဝတ်နဲ့တက်ကြဖို့၊ ရုံးပိတ်ချိန်နဲ့ အားလပ်ရက်တွေမှာ ပျော်ပွဲရွှင်ပွဲကိစ္စနဲ့ အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့ညွှန်ကြားထားတာလို့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်အစိုးရရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီလိုအကန့်အသတ်နဲ့သွားလာဖို့ ညွှန်ကြားထားတဲ့ မြို့နယ်တွေကတော့ လတ်တလောမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်သားတို့ ထိတွေ့ တိုက်ပွဲတွေ၊ ဗုံးပေါက်ကွဲမှု၊ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ မကြာခဏဖြစ်ပွားနေတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှ ဌာနဆိုင်ရာနဲ့ ရပ်ကျေး အုပ်ချုပ်အပိုင်းတွေကို အဓိကရည်ရွယ်ပြီး ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ရန်ကုန်မြို့လှိုင်မြို့နယ် သီရိမြိုင် ၁၃ ရပ်ကွက်ကို ခွင့်နဲ့ပြန်လာတဲ့ စစ်ကောင်စီအရာရှိ ဗိုလ်ကြီးမြင့်ဆွေနဲ့ဇနီး ဒုအရာခံဗိုလ် အောင်ကိုမင်းတို့ လုပ်ကြံခံခဲ့ရပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ခမရ ၄၂၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်ကို ဒေသကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (People Security and Defense Army) က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

ဒီလိုစစ်တပ်အရာရှိတွေ၊ စစ်တပ်သတင်းပေးတွေ သတ်ဖြတ်ခံရချိန်မှာ အသွားအလာဆင်ခြင်ကြဖို့ စစ်ကောင်စီက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ဒါဟာ Non CDM ဝန်ထမ်းတွေ CDM ပြုလုပ်သွားမှာနဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေ အလုပ်ထွက်သွားကြမှာကို စိုးရိမ်မှု ရှိလာတဲ့အတွက် စစ်ကောင်စီဘက်က ညွှန်ကြားတာဖြစ်နိုင်တယ်လို့ မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဘက်က မြို့နယ်အသီးသီးမှာ လုံခြုံရေးပိုမိုတင်းကြပ်ထားပြီး အစိုးရဝန်ထမ်းတွေကို အကာအကွယ်ပြန်ပေးနိုင်ဖို့နဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပူးပေါင်းပြီး ရပ်/ကျေးတွေမှာ လုံခြုံရေးယူနိုင်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို နည်းလမ်းမျိုးစုံသုံးပြီး စည်းရုံးတာတွေလည်း လုပ်နေပါတယ်။

ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တာကြောင့် Non CDM တွေ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.