မော်လမြိုင်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ – Financial Action Task Force-(FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်း (Black list) ထည့်သွင်းခံရတဲ့ တတိယမြောက်နိုင်ငံအဖြစ် ကြေညာချက်အပြီး ဒီနေ့နံနက်မှာ ဒေါ်လာဈေးထိုးတက်သွားတာကြောင့် အရောင်း အဝယ်ကိစ္စတွေကို ရပ်နားထား လိုက်ရတယ်လို့ ကုန်သည်တွေထံမှ သိရပါတယ်။

FATF က အောက်တိုဘာလ(၂၁)ရက်နေ့မှာ အမည်ပျက်စာရင်း ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံကို တတိယမြောက် အန္တရာယ်မြင့်မားတဲ့ (Third High-Risk) နိုင်ငံအဖြစ် အီရန်နဲ့ မြောက်ကိုးရီးယားတို့နည်းတူ Black list စာရင်းအသွင်းခံလိုက်ရတာပါ။

ဒီသတင်းထွက်ပေါ်လာပြီး ဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ကျပ် ၃၄၀၀ ဝန်းကျင်ကနေ အခုမနက်မှာ ကျပ် ၆၀၀၀ ဝန်းကျင်အ ထိ မြင့်တက်သွားခဲ့တာပါ။

“ ငွေဈေးက တက်လာတာမှန်တယ်။ ဒါပေမယ့် ပါးစပ်ဈေးပဲ။ ဘယ်သူမှမလဲဘူး။ ငွေကအကုန်လုံးက စောင့်ကြည့် နေတယ်။ ဒီလောက်ပဲ။ ဂယက်တစ်ခုပြီးလို့ ခဏနေရင်တော့ ငြိမ်သွားမယ်။ ဘယ်သူမှ အရောင်းအဝယ်မရှိဘူး။ ကိုယ့်လက်ထဲမှာရှိတဲ့ ပစ္စည်းကိုလည်း ဘယ်သူမှ မရောင်းရဲဘူး။ လော လောဆယ်အခြေအနေအရ ဘယ်ပစ္စည်းက ဘယ်လောက်အထိ တက်သွား မယ်မပြောနိုင်ဘူး။ ဒါကြောင့် ရောင်းကုန်တွေကို မရောင်းဘူး။ ကိုင်ထားမယ်။ဘာလို့လဲဆိုတော့ ပြန်ဝယ်တဲ့အခါ အမြင့်ဆုံး ပေးပြီး ဝယ်ရတော့မှာကိုး” လို့ ရန်ကုန်မြို့က ကုန်သည်တစ်ဦးကပြောပါတယ်။

ဈေးကွက်အတွင်းမှာ ဒေါ်လာဈေးကို မဖြစ်နိုင်တဲ့ အခြေအနေတွေထိ မှန်းဆ ပြောနေကြပေမယ့် အဲဒီအခြေအနေအထိ ဖြစ်နိုင်စရာမရှိကြောင်းနဲ့ ငွေဈေးမတည်ငြိမ်တာကြောင့် ပြည်သူတွေအနေနဲ့ လက်ထဲမှာရှိတဲ့ အိမ်ခြံမြေတို့လို အခိုင်အမာ ပိုင်ဆိုင်မှုတွေကို ထုတ်မရောင်းဘဲ ဆုပ်ကိုင်ထားသင့် တယ်လို့လည်း သူကဆိုပါတယ်။

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ – Financial Action Task Force-FATF အနေနဲ့ ထိထိရောက်ရောက်အရေးယူရဲတယ်ဆိုရင် မြန်မာနိုင်ငံကို အရေးယူသလို စစ်ကောင်စီနည်းတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေများစွာလုပ်ဆောင်နေတဲ့ ရုရှားအစိုးရ ကိုလည်း ထိရောက်စွာ လုပ်ဆောင်သင့်တယ်လို့ ပြောဆိုသုံးသပ်နေကြပါတယ်။

ဒီလို အမည်ပျက်စာရင်းသွင်း ခံရတာရဲ့ အကျိုးဆက်အနေနဲ့ စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍစုံမှာ အကျိုးသက် ရောက်လာပြီး အဓိကအနေနဲ့ အခြေခံလူတန်းစားတွေမှာပဲ ဆိုးကျိုးသက်ရောက်လာမှာ ဖြစ်တယ်လို့လည်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။

“ မြန်မာက ပြည်တွင်းထဲဖြစ်တာ ပူတင်က ယူကရိန်းတောင်တက်ချတာ။ မြန်မာထက်များတဲ့ သန်း နဲ့ချီတဲ့ ယူကရိန်း တွေပြေးနေရပြီ။အာ့လိုလူရှိတဲ့ နိုင်ငံက အမည်မည်းစာရင်းမပါဘဲ မြန်မာက ပါနေတယ် ဆိုတော့ နိုင်ရာဖိထောင်းတာပဲလို့ ကျွန်တော်တော့မြင်တယ်။ဖိထောင်းတဲ့နေရာမှာလည်း တကယ့် ကို ထိထိရောက်ရောက်ပစ်မှတ်တွေကို မထိဘူး။အဲဒီ လုပ်တဲ့လူတွေကိုမထိဘူး ဘာမှ မဟုတ်တဲ့အခြေခံ လူတန်းစားကိုပဲ လာပြီးထိခိုက်တာလေ။ FATF ကသူတို့ထဲမှာပါတဲ့ ရုရှား၊အိန္ဒိယ၊ထိုင်း စတဲ့ နိုင်ငံတွေကိုရော ကန့်သတ်နိုင်လို့လား။အဲဒါဆိူ အဲ့နိုင်ငံတွေပါ မြန်မာနဲ့ အလုပ်မလုပ်ဖို့ ကန့်သတ်သင့် တယ်။ မူဝါဒ တိတိကျကျမရှိဘဲ လုပ်နေတာ“လို့ သူကဆိုပါတယ်။

FATFက မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black list) ထည့်သွင်းကြောင်းကို အောက်တိုဘာ (၂၁) ရက်နေ့ အစည်းအဝေးမှာ အဖွဲ့ ဥက္ကဌက ကြေညာခဲ့တာပါ။

ငွေကြေးခဝါချမှုဆိုင်ရာ ကဏ္ဍမှာ အန္တရာယ်ရှိတဲ့ နိုင်ငံစာရင်းအဖြစ် Gray List စာရင်းကနေ တဆင့် Black list စာရင်းကို ပြောင်းလဲသက်မှတ်လိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု ဆိုင်ရာ ညွှန်ကြားချက်တွေကို လက်ရှိအချိန်ထိ မဖြည့်ဆည်းနိုင်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ FATF ဥက္ကဌ က ပြောကြားခဲ့ပါတယ်။

FATF အဖွဲ့မှာ နိုင်ငံပေါင်း ၆၂ နိုင်ငံပါဝင်ကာ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ ငွေကြေးကဏ္ဍမှာ ဩဇာကြီးမားပြီး လက်ရှိ ဥက္ကဌ ဖြစ်ဆောင်ရွက်နေတဲ့ စင်ကာပူဟာ မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေးလွဲပြောင်းတဲ့ ကဏ္ဍမှာ အရေးပါဆုံးနိုင်ငံဖြစ်နေဆဲ ဖြစ်ပါတယ်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး စံနှုန်းတွေကို လိုက်နာ ဆောင်ရွက်ဖို့ အတွက် FATAက ပြီးခဲ့တဲ့ ဇွန်လက စစ်ကောင်စီအုပ်စုကို ငွေကြေးခဝါချမှု အန္တရာယ်နဲ့ အားနည်ချက်တွေကို ပြင်ဖို့ တိုက်တွန်းခဲ့ ပေမယ့်လည်း တိုးတက်မှုမရှိတဲ့အတွက် အောက်တိုဘာလ(၂၂)ရက်နေ့မှာ အမည်ပျက် စာရင်းသွင်းခဲ့တာပါ။

မူးယစ်ဆေးဝါးမှုခင်းတွေ အပါအဝင် အဂတိနဲ့ လာဘ်ပေးလာဘ်ယူမှု၊ သစ်နဲ့ ကျောက်မျက် ရတနာတွေ တရားမဝင် ရောင်း ဝယ်မှုနဲ့ အခွန်တိမ်းရှောင်မှုတွေဟာ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတို့ရဲ့ အဓိက လုပ်ရပ်တွေဖြစ်တယ်လို့လည်း FATAကဆိုထားပါတယ်။

မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းလိုက်တာက စစ်ကောင်စီ လုပ်ရပ်တွေအပေါ် အဓိက ဒါဏ်ခတ်အရေးယူတာဖြစ်ပေမယ့် မူဝါဒမတိကျဘဲ အခုလို လုပ်ဆောင်လိုက်တာကြေင့် အာဏာသိမ်းခံရပြီးနောက်ပိုင်း အဘက်ဘက်က ချို့တဲ့လာရတဲ့ ပြည်သူတွေသာ အဓိကထိခိုက်လာစေတာ ဖြစ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.