မော်လမြိုင်၊ အောက်တိုဘာ (၂၂)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက တရားမဝင်ကုန်သွယ်မှုတွေမှာ ပါဝင်နေတာကြောင့် နိုင်ငံအတွက် နစ်နာမှုတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ရဲ့ စွပ်စွဲမှုဟာ အဓိပါ္ပယ် မရှိဘူးလို့ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတချို့က တုံ့ပြန်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တချို့သော EAOs တွေက တရားမဝင် ကုန်သွယ်မှုတွေမှာ ပါဝင်နေတဲ့အတွက် နိုင်ငံတော်အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က မော်လမြိုင်ရှိ အသေးစား၊အငယ်စားနဲ့ အလတ်စား (MSME) စီးပွား ရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ် စွပ်စွဲပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)က တရားဝင်မကုန်သွယ်မှုတွေမှာ ပါဝင်နေလဲဆိုတာကို အာဏာသိမ်း စစ်ခေါင်းဆောင်က အတိအကျ ထုတ်ပြောတာတော့ မရှိခဲ့ပါဘူး။

စစ်ခေါင်းဆောင်ကတော့ တရားမဝင်ကုန်သွယ်မှုတွေ ရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန် သွယ်မှု စာရင်းဇယားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ရင် ၅၀ ရာခိုင်နှုန်းနီးပါး ကွာဟနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

တရားမဝင်ကုန်သွယ်မှုတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက ဖြစ်ပေါ်နေတဲ့ ကိစ္စရပ် တစ်ခု ဖြစ်ပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ အခုလိုပြောဆိုမှုဟာ အဓိပ္ပာယ်မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက တုံ့ပြန်လိုက်တာပါ။

“အပြောတခြား အလုပ်တခြား လုပ်နေတဲ့သူပဲလေ။တောက်လျှောက်ပဲ သူ့ပါးစပ်က ဖက်ဒရယ် ဖက်ဒရယ်လို့ တဖွဖွပြောပြီးတော့ လက်တွေ့လုပ်နေတာ ဟိုးနယ်စပ်ကအစ လျှောက်ပြီးတော့ အခွန် ကောက်ချင်ကတည်းကိုက အဲဒီဟာက ဖက်ဒရယ်နဲ့ လုံဝမဆိုင်ဘူး။ ဖက်ဒရယ်မှာ သူ လုပ်ပိုင်ခွင့်တွေရော၊ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်တွေရော အဲဒါတွေ နားလည်ထားရင် ဒီလောက်ထိ ရှုပ်နေစရာမရှိပါဘူး။ဘာပဲ မြင်နေရလဲဆို အခုက မယောင်ရာဆီလူး သူ့အလုပ်မရှိ အကိုင်မရှိ လျှောက်သွားနေတာပဲ။ ဒီထက် အရေးကြီးတဲ့ အလုပ်တွေ လုပ်စရာတွေ အများကြီး ရှိတာပဲ။ဒါပေမယ့် ဒီဖက်ဒရယ်သဘော တရားကို သူနားလည်ရုံနဲ့ လျှောက်ပဲပြောနေကတည်းကိုက သူ ဘာမှမသိဘူးဆိုတာ ရှင်းနေတာပဲလေ၊ ကျွန်တော်တို့က အဲဒီအပိုင်းမှာ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာပေါ့”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး နယ်စပ်ဒေသတွေမှာ အခွန်ကောက်ခံဖို့ ကြိုးပမ်းမှုဟာ ဖက်ဒရယ်သဘောတရားကို နားမလည်တာ ဖြစ်ကြောင်းနဲ့ မယောင်ရာ ဆီလူးမှုသာ ဖြစ်တယ်လို့ ဝေဖန်တာပါ။

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ပြောခွင့်ရ ဗိုလ်မှူးကြီး စိန်ဝင်းကလည်း တရားမဝင်ကုန်သွယ်မှုတွေဟာ EAOs တွေသာ မဟုတ်ဘဲ စစ်ကောင်စီယန္တရားတစ်ခုလုံးကပါ ပါဝင် ပတ်သက်နေကြောင်းနဲ့ အခုကိစ္စရပ်ဟာ ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“အခုခေတ်ကာလကလည်း EAOs ရယ် မဟုတ်ပါဘူး၊ အမှန်တော့ ကျွန်တော့အမြင်က အကုန်လုံး တစ်ယောက်နဲ့ တစ်ယောက် လက်ဝါးရိုက်ပြီးတော့ အလုပ်လုပ်နေကြတယ်လို့တော့ မြင်တယ်။အားလုံး ပူးပေါင်းကြံစည်နေတဲ့ အခင်းအကျင်းပေါ့။အဓိကကတော့ ခိုင်မာတဲ့ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ အချက်ကိုပဲ ထောက်ပြရမှာပေါ့၊ အဲဒီလိုပဲ မြင်တယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ တရားမဝင်ကုန်သွယ်မှုတွေ မရှိစေဖို့ တတ်နိုင်သမျှ ထိန်းချုပ်ဆောင်ရွက်နေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ မရှိစေဖို့ကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြဖို့ သူတို့ရဲ့ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီဟာ ပြီးခဲတဲ့နှစ်ကုန်ပိုင်းမှာ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုတွေ တားဆီး/ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးတိုင်ကြားသူတွေကို ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ကြေညာထားတာပါ။

ဒါပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် ၊ ရဲတပ်ဖွဲ့၊ အခွန်အကောက်ဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ အများစုက တရားမဝင် ကုန်သွယ်မှုမှာ အဓိက ပါဝင်ပတ်သက်နေပြီး ကုန်သွယ်ရေး လမ်းတလျှောက်မှာလည်း ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာတပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.