သထုံ၊ အောက်တိုဘာ(၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ဘားအံမြို့နယ်၊ ညောင်တုန်းကျေးရွာက စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ ည ၇ နာရီလောက်မှာ ညောင်တုန်းကျေးရွာရှိ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းအပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီ ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂၀ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အနည်ဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းတပ်က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီ၊ BGF ပူးပေါင်း ညောင်တုန်းတပ်စခန်းဟာ မကြာခဏဆိုသလို ဒေသခံတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက် ငွေကြေးတောင်းခံတာ၊ စခန်းပြင်ဖို့ သစ်နဲ့ဝါးတွေကို အတင်းအဓမ္မ ခုတ်ခိုင်းနေတဲ့ တပ်စခန်း တစ်ခုလည်း ဖြစ်ပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.