လောင်းလုံး၊ အောက်တိုဘာ (၂၂)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၂၀ ရက်နေ့ ညက ဒေသခံ မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်တွေနဲ့ ပျူ စောထီးအဖွဲ့တွေက လာရောက် သတ် ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ည ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ဦးလေးလေး ဦးဆောင်အဖွဲ့က ကျေးရွာထဲကို ကား ၂ စီးနဲ့ ဝင်ရောက်လာပြီးနောက် ဦးမောင်စိုးတင်တို့ မိသားစုဝင် ၄ ဦးကို နေအိမ်မှာပဲ ဖမ်းဆီးသတ်ဖြတ်သွားခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ဦးမောင်စိုးတင်၊ ဇနီးဖြစ်သူ ဒေါ်မနွဲ့၊ သားဖြစ်သူ ကိုဇေယျာထွန်းနဲ့ မွေးစားသားတစ်ဦး အပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ဦးမောင်စိုးတင်တို့ မိသားစုဝင် ၄ ဦးကို ဓါးနဲ့ထိုးပြီးနောက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်စိုးတင်အပါအဝင် မိသားစုဝင် ၄ ဦးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့က လောင်းလုံးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သေဆုံးသူတဲ့ မိသားစုဝင်တွေဟာ ရေလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး ငွေကြေးအတန်အသင့်ပြည့်စုံသူတွေလည်း ဖြစ်သလို သားဖြစ်သူ ကိုဇေယျာထွန်းမှာလည်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး နေအိမ်ပြန်လာတာ ၁ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအဖွဲ့တွေက ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်နေတာကြောင့် သေဆုံးသူတွေ ၂၀ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.