ရန်ကုန် – အောက်တိုဘာ(၂၂)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ မြန်မာ(၄)ဦးအပါအဝင်ရိုဟင်ဂျာ (၁၂၁) ဦး ကိုအောက်တိုဘာလ(၂၀) ရက်နေ့က ဖမ်ဆီးခံခဲ့ရတယ်လို့ အရှေ့ဒဂုံမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေ ကသံလွင်တိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ အမျိုးသား (၇၈) ဦးနဲ့ အမျိုးသမီး(၃၉) ဦးတို့ဖြစ်ကြပြီး စုစုပေါင်း (၁၁၇) ဦး ဖြစ်တယ်လို့ သိရပါတယ်။

“ရိုဟင်ဂျာတွေကို သွားလာလှုပ်ရှား၊ လုပ်ကိုင်စားသောက်ခွင့် အားလုံးကန့်သတ်ထားပြီး အမိုးပွင့်အကျဥ်းထောင်ထဲထည့်ထားလို့ ထွက်ပြေးကြတာ။ ရခိုင်ပြည်နယ်တွင်းက စစ်ဆေးရေးဂိတ်ပေါင်းများစွာ ဖြတ်ပြီး ရန်ကုန်နဲ့ အခြားမြို့တွေရောက်မှ ဖမ်းခံကြရတယ်။ စစ်ဆေးရေးဂိတ်တွေက ငွေယူပြီးလွှတ်ပေးလိုက်တာ။ ရခိုင်ပြည်နယ်ကျော်ပြီးမှ ဖမ်းခံရတော့ အာဏာပိုင်တွေပူးပေါင်းပြီး လုပ်ကြံတယ်လို့ ယူဆရတယ်” လို့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူ ရိုနေဆန်းလွင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတဲ့အတွက် နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ ရန်ကုန်အပါအဝင် နေရာတော်တော်များများမျာ ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့ကလည်း ရန်ကုန်မြို့ အဝင် Zero Mile မှာ ရိုဟင်ဂျာ အမျိုးသား (၁၀) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

“ဖမ်းဆီးပြီး ပြန်ပို့တာမျိုး မဟုတ်ဘဲ၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်ရှည်ချနေတော့ ဒါက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး လုပ်နေတာ သိသာတယ်။ လူမျိုးတုံးသတ်ဖြတ်မှု အဆုံးမသတ်သေးဘူးဆိုတာ ဒီလုပ်ရပ်မျိုးတွေက သက်သေပြနေပါတယ်” လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားမျှတမှုခုံရုံး (ICJ) ကရိုဟင်ဂျာတွေကို အကာအကွယ်ပေးရမယ်လို့ ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဟာ ထုတ်ပြန်ထားတဲ့အမိန့်တွေကို ပေါ်ပေါ်တင်တင်ချိုး ဖောက်နေတာဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် တောက်လျှောက်ရခဲ့တဲ့အတွက် ပြစ်မှုတွေ ထပ်ကျူးလွန်ဖို့ ဝန်မလေးတော့တဲ့ပုံစံဖြစ်နေတယ်လို့ ရိုနေဆန်းလွင်က ပြောပါသေးတယ်။

ရိုဟင်ဂျာတွေ ဖမ်းဆီးခံနေရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ရိုဟင်ဂျာရေးရာအကြံပေး ဦးအောင်ကျော်ကို ဆက်သွယ်မေးမြန်းဖို့ သံလွင်တိုင်းမ်က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။

အာဏာသိမ်းစစ်ကောင်စီဟာ ရိုဟင်ဂျာလူမျိုးတွေကို ဖမ်ဆီးတာတွေလုပ်ဆောင်ပြီး အလုပ်ကြမ်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.