ရန်ကုန်၊ အောက်တိုဘာ (၂၂)

ရန်ကုန် အင်းစိန်ထောင်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အများစုမှာ ပါဆယ်ပို့ခွင့် ပိတ်ထားလိုက်တာဟာ ကျန်းမာရေးမကောင်းတဲ့ အကျဉ်းသားတွေ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန် အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကျဉ်း ဦးစီးဌာနက ဝန်ထမ်းသုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ အရပ်သား ငါးဦး သေဆုံးခဲ့သလို ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီဘက်က နိုင်ငံတဝန်းရှိ အကျဉ်းထောင်အများစုမှာ ထောင်ဝင်စာတွေ့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားအကျဉ်းသားတွေဟာ ထောင်အတွင်း အာဟာရ ပြည့်ဝတဲ့ အစားအသောက်တွေ မစားရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရတာ၊ သက်တမ်းလွန်ဆေးဝါးတွေကိုသာ ရရှိနေတဲ့အတွက် မိသားစုဝင်တွေက လာပို့တဲ့ ထောင်ဝင်စာတွေအပေါ် မှီခိုနေရတာပါ။

အခုလို အခြေအနေမှာ စစ်ကောင်စီဘက်က ထောင်ဝင်စာ ပိတ်လိုက်တဲ့အတွက် ကျန်းမားရေ မကောင်းတဲ့ အကျဉ်းသားအများစု မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ရှိလာတယ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ထောင်ဝင်စာပိတ်လိုက်တော့ စားရေးသောက်ရေးခက်ခဲသွားမယ်။ ကျန်းမာရေးခက်ခဲသွားမယ်။ သတင်းစီးဆင်းမှု ခက်မယ်။ အကျဉ်းသားတွေတင်မကဘူးဗျ၊ အပြင်ကမိသားစုတွေပါ ကိုယ့်သား သမီး၊ ကိုယ့်မိသားစုဝင်တွေ အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မယ်။ အထဲကအကျဉ်းသားတွေ အ တွက်ကတော့ စိတ်ပိုင်းရော ရုပ်ပိုင်းပါထိခိုက်စေမှာပါ။ စားသောက်ရေး အဆင်မ ပြေတော့ဘူး။ ကျန်းမာရေးအတွက်က ဆေးဝါးတွေပြတ်လပ်လာတော့ အထဲကအကျဉ်းသားတွေတွ အများကြီးနစ်နာသွားမှာ ”လို့ ဦးအောင်မျိုးကျော်က ပြောပါတယ်။

ဒါ့အပြင် ထောင်ဝင်စာ ပိတ်ပင်မှုဟာ စစ်ကောင်စီက ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ဝင်စာ ပိတ်မှုကြောင့် အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်မရတော့တာ၊ အစားအစာပို့ခွင့် ပိတ်လိုက်တာကြောင့် အကျဉ်းချခံထားရသူတွေအနေသာမက မိသားစုတွေပါ ထိခိုက်နာကျင်မှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း စစ်ကောင်စီဘက်က ထောင်ဝင်စာ ပိတ်မှုကြောင့် အကျဉ်းသားတွေမှာ စားရေးသောက်ရေးနဲ့ ဆေးဝါးတွေကအစ အခက်အခဲတွေ ရှိလာနိုင်ကြောင်းနဲ့ မကြာမီကာလအတွင်း ထောင်ဆူမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တာပါ။

“ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုနဲ့ တွေ့ခွင့်မပေး ပဲနဲ့ ပါဆယ်ပဲပို့ခွင့်ပေးတယ်ဆိုတဲ့ ကိစ္စတောင်မှ တော်တော်ကို လွန်တဲ့ကိစ္စ ဖြစ်နေပြီ။ လူ့အခွင့်အရးချိုးဖောက်ခံရတဲ့ ကိစ္စဖြစ်ပါ တယ်။ ထောင်ရဲ့စားသောက်ရမှုပုံစံကိုက အင်မတန်ဆိုးရွားပါတယ်။ အဆိုးရွားဆုံး အစားအသောက်တွေကို ကျွေးတဲ့ပုံစံ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမှာမှ ပါဆယ်ကိုပါထပ်ပြီး ပိတ်လိုက်တယ်တော့ သိပ်မကြာခင် ကာလမှာ ထောင်ထဲမှာ ဆန္ဒပြမှုတွေ တောင်းဆိုမှုတွေ သပိတ်တိုက်ပွဲတွေကြုံလာရမယ်လို့ ကျမယူဆတယ်။”လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်း မွှေးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အင်စိန်းထောင်၊ မန္တလေးအိုးဘိုထောင်၊ ပြည်အကျဉ်းထောင်၊ သာယာဝတီထောင်၊ ထားဝယ်ထောင်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ရက်ကစပြီး ထောင်ဝင်စာ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာတော့ ထောင်ဝင်စာပိတ်လိုက်တဲ့အပြင် အထူးတရားရုံးတွေနဲ့ အပြင်တရား ရုံးတွေက စစ်ဆေးဆဲအမှု တွေကိုပါ ရပ်နားထားတယ်လို့လည်း သိရပါတယ်။

နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားအကျဉ်းသား သောင်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.