မြိုင် – အောက်တိုဘာ(၂၂)

မကွေးတိုင်း မြိုင်မြို့နယ်က လင်းကတောစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲအဖြစ်ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရေစကြိုမြို့နယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၁) ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား (၇) ဦးထက်မနည်းသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ခုက ဒုတိယအကြိမ်ပါ။ဒုတိယ အကြိမ်ကတော့ ရန်သူဘက်က သေချာပြင်ဆင်ထားတဲ့ အနေအထားကိုတိုက်ခိုက်ရတာအခက်အခဲများစွာရှိပါတယ်။အဓိက ကတော့လေယာဉ် ကို မယှဥ်နိုင်တဲ့ပြဿနာက အလွန်ကြီးတယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ရေစကြိုမြို့နယ်က ရဲဘော်ဝေကြီးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

လင်းကတောစခန်း ကို နေ့လည်(၁၂) နာရီဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွား ချိန်(၂) နာရီလောက်မှာတော့ စစ်ကောင်စီက Mi-35 လေယာဉ်နဲ့ မိနစ်(၃၀) နီးပါး လာရောက်ပစ်ခတ် ခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် ညနေ(၄) နာရီဝန်းကျင်မှာတော့ လင်းကတောစခန်းရဲ့ ဘန်ကာနှစ်ခုကို သိမ်းယူအပြီး ခြံစည်းရိုးမီးရှို့နေချိန်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့သေးတယ် လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လင်းကတောနယ်မြေစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကာကွယ်ရေး တပ်ဖွဲ့ တွေ သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ဖူးတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်အင်အား (၃၀)ဝန်းကျင်ရှိတဲ့လင်းကတောစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစ ကြိုမြို့နယ်( ပ.က.ဖ )၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂၊ Salingyi Special Task Force (SSTF) နဲ့ Earthquake people`s defence forceညီနောင်မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီကို ခုခံတွန်းလှန်စစ်ကနေ တိုက်စစ်ကိုပြောင်းလဲ သွားတော့မှာ ဖြစ်ပြီး တော်လှန်ရေးကို (၁) နှစ်အတွင်း အပြီးသတ်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.