ရန်ကုန်၊ အောက်တိုဘာ(၂၁)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာတဲ့အချိန် ပွဲစားတွေက မြန်မာ အမျိုးသမီးငယ်တွေကို လူကုန်ကူးဖို့ အဓိက ပစ်မှတ်ထား လုပ်ဆောင်လာတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက သတိပေးလိုက်ပါတယ်။

ပွဲစားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသမီးငယ်တွေကို လူမှုကွန်ရက်တွေကနေ မက် လုံးပေးဆွဲဆောင်မှု နည်းလမ်းအသစ်တွေနဲ့ လူကုန်ကူးဖို့အတွက် အဓိက ပစ်မှတ်ထား လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကနေ အိုမန်နဲ့ UAE နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအမျိုးသမီးတွေ တောင်း ရမ်းစားသောက်နေထိုင်နေရတဲ့သတင်းထွက်ပေါ်လာသလို ဖော့ဘုတ်စ်မှာလည်း ဂျပန်နဲ့ တရုတ်နိုင်ငံသား တွေအတွက် ခန်းဝင်ကြေး သိန်းရာချီမက်လုံးပေးပြီး သတို့သမီးလောင်းရှာဖွေတဲ့ ကြော်ငြာတွေ ဆက်တိုက်ပေါ်လာပါတယ်။

ဒါ့အပြင် တရုတ် မီဒီယာတစ်ခုကနေ တရုတ်နိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ မြန်မာအမျိုးသမီးတစ်ယောက်အကြာင်းကို အကောင်းဘက်ကချည်း ရိုက်ပြထားတဲ့ ဝါဒဖြန့်သတင်း ရုပ်သံဆောင်းပါးတစ်ပုဒ်လည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကတော့ အခုလို အခြေအနေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးငယ်တွေ လူကုန်ကူးမခံဖို့ အသိပညာပေးတာအပြင် တားဆီးဆောင်ရွက်ကြဖို့ တိုက်တွန်းတာပါ။

“ပြည်သူလူထုရဲ့ စီးပွားရေးဘဝလည်း သုညလောက်နီးနီး ဖြစ်နေတယ်။ နိုင်ငံစီးပွား ရေးကလည်းထိုနည်းလည်းကောင်းပဲဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ ဘဝက တကယ် ကို တွင်းဆုံးကျတဲ့ အခြေအနေ မျိုး ဖြစ်နေမျိုးမှာ ဒီလိုအခြေအနေဆိုးကို အခွင့် ကောင်း ယူပြီးအခုလိုအမျိုးသမီးတွေအပေါ်မှာအမြတ်ထုတ်တယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။အမျိုးသမီးအဖွဲ့အစည်းတွေ၊နိုင်ငံရေးအရလှုပ်ရှားဆောင်ရွက်သူတွေ၊ Activists တွေ အားလုံးကဝိုင်းဝန်းပြီးတော့ အသိပညာပေးတာတွေ၊တားဆီးတိုက် ဖျက် တာ တွေ ဆန့်ကျင်ဟန့်တားတွေလုပ်ရမယ်။ ” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အမျိုးသမီးငယ်တွေကို တဖက်နိုင်ငံတွေမှာ အလုပ်အကိုင် အခွင့်လမ်းတွေအပြင် လစာကောင်းတယ်ဆိုပြီး မက်လုံးပေး စည်းရုံးမှုတွေဟာ ခေတ်သစ်လူကုန်ကူးမှု ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် အခုလို မက်လုံးပေးစည်းရုံးမှုကို သတိထားပြီး အာမခံ ချက်ရှိမရှိ အရင်ဆန်းစစ်လေ့လာ ပြီး အရင်က ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေကို သတိထား အတုယူသင့်တယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ် ဆောင်နေသူတွေက ပြောပါတယ်။

“တရုတ်ကို လူကုန်ကူးခံရတာက ဖြစ်ခဲ့ဖူးပြီးပြီ။အခုတောင် အိုမန်ကိစ္စမှာ ပွဲစားတွေက ဟိုရောက်ရင် အေးဆေးနေရမှာဆိုပြီး လိမ်ပို့လိုက်တဲ့မိန်းကလေးတွေ အခု ပြန်လာ ချင်လို့ အော်နေရပြီ။ဒါဟာ ဘဝနဲ့ရင်းရတဲ့ လောင်းကြေးထပ်တာတွေမို့ တစ်ဖက်က ပေးတဲ့ဟာက ငါးလား ငါးစာလား သိထားဖို့လိုတယ်”လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသူတစ်ဦး က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ လက်ထက်တရားဥပဒေလက်မဲ့ ဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေ အနေအရ လူကုန်ကူးခံလိုက်ရပြီးရင်လည်း အစိုးရအကူအညီနဲ့ တရားမျှတမှုရရှိပြီး ကိုယ့်နိုင်ငံကို ပြန်ရောက်နိုင်ဖို့က ရာခိုင်နှုန်းအင်မတန်နည်းနေတာာပါ။

အခုလို အခြေအနေမှာ အမျိုးသမီးတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်းတာ၊ မက်လုံးပေး စည်းရုံးလာတဲ့ သတင်းအချက်အလက်တွေ မြင်သမျှ မယုံဖို့ လိုတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

“ ဒီစစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်းမှာ ကျနော်တို့ ပြည်သူတွေ အများကြီး ကြပ် တည်းလာတယ်။ အဲတော့ လူတွေ ပြည်ပကိုထွက် အလုပ်လုပ်ဖို့ ကြိုးစားကြတယ်။ ဒီဟာတွေက အမျိုးသမီးတွေကို ခေါင်းပုံဖြတ်တဲ့ ပုံစံမျိုးပေါ့။ အဲဒီတော့ တိုင်းပြည် ပျက် နေတဲ့ ကာလမှာ နည်းပေါင်းစုံနဲ့ လူတွေဆီကနေ ခေါင်းပုံဖြတ်တဲ့လူတွေရှိလာ တယ်။ အဲဒါကို စစ်တပ်ကတော့ ဘာမှာကာကွယ်ပေးဖို့ အလားအလာမမြင်ဘူး။ ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်က အခုကာလမှာ အယုံမလွယ်ဖို့ လိုတယ်။ အာအကွယ်ပေး နိုင်တဲ့ လူကုန်ကူးမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ဆက်သွယ်မေးမြန်း ဖို့လိုမယ်။ Information နဲ့ ပတ်သက်ပြီး မြင်သမျှမယုံဖို့အရေးကြီးတယ်။”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံမှာ မျိုးရိုးအမည် ဆက်ခံနိုင်တဲ့ သားယောက်ျားလေးကို ဦးစားပေးတဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကိုကျင့်သုံးခဲ့လို့ ကျားမ အချိုး မညီတာ၊ ရိုးရာဓလေ့အရ ယောက်ျားလေးဘက်ကပေးရတဲ့ ခန်းဝင် ကြေးစားရိတ်များလို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးကို စရိတ်သက်သက်သာသာနဲ့ လပ်ထပ်ပြီး ဇနီး မယား ပြုလို့ ရနေတာ ကြောင့် ကျပ်တည်းနေတဲ့ မြန်မာနိုင်ငံကို မျက်စိကျလာတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ အမျိုးသမီးတွေကို လူကုန်ကူးတာက လိင်ပိုင်းဆိုင်ရာ အဓမ္မ ခိုင်းစေဖို့အတွက် အဓိကဖြစ်ပြီး ဒီကိစ္စတွေဟာ ၂၀၁၉ခုနှစ် ကစလို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာတွေမှာ ဆက်တိုက်ဖော်ပြမှုကြောင့် လူသိများ လာခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ လူသိနည်းနေပါသေးတယ်။

အိုမန်နဲ့ UAE နိုင်ငံကိုတော့ မြန်မာအမျိုးသမီးအများစုဟာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး အလုပ်ရှင်မရ မချင်းပွဲစားတွေ ထားတဲ့နေရာမှာ အစာရေစာ မဝဘဲ ပိတ်လှောင်ခံထားရတာ၊ အလုပ်ရတဲ့သူတွေမှာလည်းလစာငွေနည်း လွန်းတာ၊ မတရားခိုင်းစေတာနဲ့ အိမ်ရှင်တွေက လိင်ပိုင်း ဆိုင်ရာစော်ကားနှောက်ယှက်မှုတွေ ကြုံနေရလို့ ထွက်ပြေးပြီး တောင်းရမ်းစားသောက် နေထိုင်နေရပါတယ်။

ဒီဖြစ်စဉ်တွေအပေါ် အလုပ်ရှာဖွေပေးတဲ့ အေးဂျင့်တွေ ဘက်ကလည်း တာဝန်ယူမှုမရှိသလို စစ်‌ကောင်စီရဲ့လူမှုကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

အလုပ်အကိုင် အခွင့်အလမ်းရလိုမှုနဲ့ နိုင်ငံခြားသားနဲ့ လက်ထပ်လိုက်တာ၊ နိုင်ငံရပ်ခြား က အလုပ်တွေကို အလောတကြီးသွားဖို့ လုပ်ဆောင်လိုက်တာက အခွင့်အလမ်း တစ်ခု မ ဟုတ်ဘဲ အလိမ်အညာခံရတာသာဖြစ်နိုင်ခြေများတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံမှာ သေချာစုံစမ်း စိစစ်ပြီးမှ သွားလာသင့်တယ်လို့ လူကုန်ကူး တိုက်ဖျက် နေသူတွေနဲ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.