စစ်တွေ၊ အောက်တိုဘာ (၂၁)

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရနေတဲ့ စစ်ရှောင်ဒုက္ခသည် ၁၆,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ UNOCHA က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ အရင်ရှိပြီးသား နေရပ်စွန့်ခွာသူတွေနဲ့ လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးရနေရတဲ့ စစ်ရှောင်ဒုက္ခသည် စုစုပေါင်း ၉၀,၀၀၀ ကျော်အထိ ရှိလာပြီလို့ ဆိုထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရသူတွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်အသစ်တွေ ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် လုပ်ငန်းနှောင့်နှေးမှုတွေ ရှိနေတယ်လို့ UNOCHA က ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ခြောက်မြို့နယ်က ကုလသမဂ္ဂရုံးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း(NGO/INGO) တွေကို ခရီးသွားလာခွင့်အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုတွေ ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်ကောင်စီက ညွှန်ကြားခဲ့တာပါ။

UNOCHA ကတော့ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ မကြာသေးမီက တိုက်တွန်းနှိုးဆော်ထားတာကြောင့် စားနပ်ရိက္ခာဖြန့်ဝေမှုတွေကို အဲဒီဒေသတွေမှာ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ကုလသမဂ္ဂရဲ့ အောက်တိုဘာ ၁၀ ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ ၁ ဒသမ ၄သန်းကျော် ရှိလာပြီး ဖြစ်ပါတယ်။

အဲဒီထဲက လူဦးရေ တစ်သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ UNOCHA က ဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.