မော်လမြိုင်၊ အောက်တိုဘာ (၂၁)

မွန်ပြည်နယ်မှာ အနယ်နယ် အရပ်ရပ်က ကြက်သွန်နီ ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတာ၊ ဈေးကွက်အတွင်း လက်ကျန်ပစ္စည်း နည်းပါးနေတဲ့အတွက် ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်လာတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်က တစ်ပိဿာ ကျပ် ၃၀၀၀ လောက်သာ ရှိရာကနေ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ တစ်ပိဿာ ကျပ် ၄၀၀၀ နီးပါးထိ ထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အခုလို ကြက်သွန်နီ ဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာရတာဟာ တောင်သူနဲ့ ကုန်သည်တွေ လက်ထဲမှာ လက်ကျန် ပစ္စည်းနည်းပါးတာ၊ လိုသလောက် ဝင်ရောက်မှု မရှိတာကြောင့် ဖြစ်တယ်လို့ ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကြက်သွန်က ဘာကြောင့် ဖြစ်သွား ရလည်းဆိုတော့ ကားအဝင် နည်းတာပေါ့။ လိုအပ်တာထက်ကို ပိုပြီးတော့ ကားအဝင်နည်းတယ်၊ ရောင်းလိုအား နည်းတာပေါ့နော်။ ရောင်းလိုအား နည်းတဲ့အတွက် ကြက်သွန်က အနောက်မှာလည်း တောင်သူတွေ လက်ထဲမှာလည်း နည်းတယ်။ ကုန်သည်တွေ လက်ထဲမှာလည်း ထိုက်သင့်သလောက်ပဲ ရှိကြတယ် ဆိုတဲ့အတွက် ဈေးနှုန်း မကိုက်ညီတော့ မတင်ဘူးပေါ့။ မတင်တဲ့ အတွက် ကြက်သွန်က ကုန်ဝင်နည်းတော့ ဈေးမကျဘူးပေါ့”လို့ ဆိုပါတယ်။

ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း တစ်ပိဿာ ကျပ် ၉၀၀ လောက်သာ ရှိခဲ့ရာကနေ အခုအခါမှာတော့ တစ်ပိဿာကို ကျပ် ၄၀၀၀ နီးပါးထိ ဈေးနှုန်း ၄ နီးပါး ထပ်မံမြင့်တက်လာခဲ့တာပါ။

ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်နေပေမယ့် အလှူအတန်းတွေ များနေတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအား ဆက်လက် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ကြက်သွန်နီ ဈေးနှုန်း ဆက်လက် မြင့်တက်နေပေမယ့် ကြက်သွန်နီ စိုက်ပျိုးရာမှာ ရာသီဥတုကြောင့် ပျက်စီးတာတွေ ရှိခဲ့ပြီး လက်ရှိမှာ လက်ကျန် ပစ္စည်း မရှိတော့တဲ့အတွက် အကျိုးအမြတ် မရှိကြဘူးလို့ ကြက်သွန်စိုက် တောင်သူ တစ်ဦးက ပြောပါတယ်။

“ကြက်သွန်ကလေ ကျွန်တော် ဆိုလို့ရှိရင် ပထမဆုံး စစိုက်တယ်။ ပထမဆုံး စိုက်တဲ့ ဟာမှာ ရေနည်းနည်းများတော့ မိုးလေးတွေ များတာပေါ့နော်။မိုးလေးများတဲ့ အခါမှာ အပုပ်ခံ လိုက်ရတယ်၊ ကြက် သွန်နီက မအောင်မြင်ဘူး စိုက်သလောက်။ အပင်တွေက ပေါက်တယ်၊ ပေါက်ပေမယ့်လို့ သူက စိုအားများတဲ့ အတွက်ကြောင့် နေရာတကာ စိုထိုင်းမှုတွေ ဖြစ်ပြီး မိုးရိုက်လာတော့ ကျတော့ အပင်လေးတွေ သေးသေးလေးတွေ ဖြစ်တယ်။ တချို့က ပုပ်ပြီး သေတယ်။ အဲ့လိုလေးတွေ ဖြစ်တယ်။ ကြက်သွန်က အမှန်တကယ် မရှိတော့တာ။ ကျွန်တော်တို့ ဒေသမှာ ဆိုရင် ဒီကျေးလက်တောရွာမှာ ဆိုလို့ရှိရင် မရှိသလောက် ဖြစ်သွားပြီ”လို့ ဆိုပါတယ်။

ကြက်သွန်နီ စိုက်ပျိုးရာမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်းအားစု ဈေးနှုန်း မြင့်တက်နေတာ၊ စက်သုံးဆီ ဈေးနှုန်း အပါအဝင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့် နေတာတွေကြောင့်လည်း တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြက်သွန်နီ အဓိက စိုက်ပျိုးရာ ဖြစ်တဲ့ အညာဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လမ်းခရီး သွားလာရ အခက်အခဲအပြင် ကုန်ကျစရိတ် ကြီးမြင့် နေတာကြောင့် ကြက်သွန်နီ စိုက်ပျိုးမှု ထက်ဝက်နီးပါး လျှော့ကျလာတာပါ။

မွန်ပြည်နယ်မှာတော့ ကြက်သွန်နီတွေကို မုံရွာ၊ ဆိပ်ဖြူ၊ မလှိုင်၊ မြစ်သာ၊ မိတ္ထီလာနဲ့ မြင်ခြံမြို့တွေက အဓိက တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.