စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာရှိ စာသင်းကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့သလို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဒေသခံတွေဟာ လက်ရှိမှာ ဘယ်လို အခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေရလဲ။ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာရော ဘယ်လို ပြဿနာ ဖြစ်ပေါ်နေလဲ။ လက်ရှိမှာရော သူတို့ဒေသအတွင်းမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် ဗမာ့လွတ်မြောက်ရေးတပ်မတော်-ဒီပဲယင်း(BIA)တပ်ဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနှင်းဆီနဲ့ ဆက်သွယ်မေးမြန်းချက်။

ဒီပဲယင်းမြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ လက်ရှိမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်နေရပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

အိမ်တွေ မဆောက်နိုင်သေးတဲ့သူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ကြည့်ရှုစောင့်ရှောက်ထားတယ်၊ ဒီအချိန်ကတော့ ဆောင်တွင်းချိန်ဆိုတော့ တုတ်ကွေးဖြစ်တာများပါတယ်။ ရွာမှာ စစ်ကြောင်းတွေလာရင် ပြေးရတော့ ထိခိုက်မှုလေးတွေတော့ ရှိတာပေါ့နော်  အဲဒီလို လူတွေကျတော့ တတ်နိုင်သလောက် လုပ်ပေးဖြစ်တယ်။ ဆရာ၀န်က ဒီဘက်မှာ သိပ်မရှိတော့ အားလုံးကို တတ်နိုင်သလောက်တော့ လုပ်ပေးတယ်။ မိုင်းထိတဲ့ဟာ သို့မဟုတ် ကျည်ထိတဲ့သူတွေကိုရော လက်ရှိမှာ အကုန်လုံး ဒီဆေးခန်းကပဲ ပြုစုစောင့်ရှောက်ပေးနေတယ်ရှင့်။

လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ၊ ပြီးတော့ သူတို့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဘယ်လို ပြဿနာ ဖြစ်ပေါ်နေလဲ။

အခက်အခဲက လေကြောင်းလာပြီးဆိုရင် ကားရှိတဲ့သူတွေက ကားနဲ့ပြေး  ဆိုင်ကယ်ရှိတဲ့သူက ဆိုင်ကယ်နဲ့ ကိုယ်လွတ်ရုန်းပြေးပေါ့၊ တစ်ချို့တွေကျတော့လည်း အိမ်ကပစ္စည်း ဘာမှကို မသယ်နိုင်ဘူး။ တစ်ချို့ကျတော့ ပထမ တစ်ခေါက်မီးရှို့ခံရတယ်၊ အိမ်ပြန်ဆောက်တယ်၊ ဒုတိယအကြိမ် မီး ထပ်ရှို့ခံရတယ်၊ စိတ်ဓာတ် ကျသွားတယ်၊

ဒေသခံအမျိုးသမီး ကိုယ်ဝန်ဆောင်နဲ့ သားသည်မိခင်တွေမှာရော ဘယ်လို ကျန်းမာရေးအခက်အခဲတွေကို ရင်ဆိုင်ကြုံတွေ့နေရလဲ။

ကလေးမီးဖွားတဲ့ ကိစ္စမှာ အခက်အခဲရှိတယ်၊ ဒီမှာက သာမန်ကလေးမွေးတာလောက်တော့ ရတယ်၊ ခွဲမွေးဖို့လိုရင် ဆေးရုံကို လွှဲပေးတယ်၊ ဒါပေမယ့်လည်း စစ်အတွင်း ဖြစ်နေတော့ လွှဲရတာ အဆင်မပြေဘူး။

နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆီကနေ အကူအညီတွေရမယ်ဆိုရင် ဘာတောင်းဆိုချင်ပါသလဲ။

တောင်းဆိုချင်တာကတော့ အဓိကက ဆေးဝါး ထောက်ပံ့ပေးဖို့ တောင်းချင်ပါတယ်၊ အဓိက လိုအပ်တဲ့ဟာတွေက ခွဲစိတ်ပစ္စည်းနဲ့ လူအရင်းအမြစ် လိုတာပေါ့နော်၊  တကယ်ကြီးမားတဲ့ ခွဲစိတ်မှုတွေလုပ်ရင် ပစ္စည်းမရှိဘူး၊  ဒီမှာက အရိုးအကြောဖြစ်တာ များပါတယ်။ အရိုးအကြော ခွဲစိတ်အတွက် ရနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။ ဒီဘက်ကိုလာနိုင်ရင်ပေါ့လေ။ ရိုးရိုး ခွဲစိတ်တွေ ဗိုက်ခွဲတဲ့ဟာတွေ ဒါမျိုးတွေအတွက်ဆိုရင်တော့ လွှဲပေးရတာပေါ့လေ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.