ကျိုက်ထို၊ အောက်တိုဘာ(၂၁)

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံ နေအိမ် ၅ လုံးကို အကြောင်းပြချက် မရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီနေအိမ်တွေကို မီးမရှို့ခင် နေအိမ်အပေါ်က တန်းဖိုရှိ ပစ္စည်းတွေနဲ့ အသုံးဆောင်ပစ္စည်း တချို့ကိုလည်း ဝင်ရောက်မွှေနှောက်ပြီး ယူဆောင်သွားတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ ပိန္နဲကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က ဝင်ရောက် တပ်စွဲနေထိုင်နေတဲ့အတွက် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ သူတို့အဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လာရောက် ပစ်ခတ်ရင် ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုလားတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး KNLA ပူးပေါင်းတပ်တို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို နှစ်ဖက် ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ပိန္နဲကုန်း၊ ကဒိုင်ဒွတ်၊ ပျဉ်းကတိုးကုန်း ကျေးရွာ အပါအဝင် အနီးအနားကျေးရွာ ၁၀ ကျော်က ဒေသခံပြည်သူ ၅၀၀၀ နီးပါးဟာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.