ကော့ကရိတ်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့တွင်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ မနေ့ညပိုင်းကစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သလို လေယာဉ်တွေလည်း လာရောက်ပျံဝဲတာတွေရှိနေသလို ဒီကနေ့ အောက်တိုဘာ (၂၁)ရက်နေ့ မနက်ပိုင်းမှာတော့ မြို့တွင်းထဲမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ရှိနေတာဖြစ်ပါတယ်။

“ရေနံဆီကုန်း ပန်းခြံတန်းဘက်မှာ လက်နက်ကြီးကျတယ်တဲ့၊ တစ်ယောက်သေတယ် (၃)ယောက်ထိတယ်။ လက်နက်ကြီးပစ်သံက လက်ရှိအချိန်ထိ တရစပ်ပါ။ အခြေအနေမကောင်းဘူး၊ လူနာတင်ကားတွေ ရှုပ်နေတယ်တဲ့။ ဘေးကင်းလုံခြုံရာ နေရာများမှာ ရှောင်ရှားနေပေးကြပါ” လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုသာမက ဒီကနေ့ မနက်မှာလည်း ကော့ကရိတ်မြို့အနီး ကျေးရွာတွေဘက်မှာ လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်မှုတွေပြလုပ်နေတယ်လို့ ကြားသိရပြီး ထိခိုက်မှုတော့ မသိရှိရသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကော့ကရိတ်မြို့ပေါ် အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးကလည်း အခုလိုပဲ ပြောပါတယ်။”မနက်ကတည်းက ပစ်ခတ်မှုတွေဖြစ်နေတယ်။

မြို့ပတ်ချာလည်နီးပါးကို KNLA အဖွဲ့တွေက ဝိုင်းထားတယ်လို့ ကြားရတယ်၊ စကစဘက်ကလည်း ပစ်နေတာရှိတယ်၊ လက်နက်ကြီးကျည်တွေမြို့ထဲကို ကျရောက်ပေါက်ကွဲပြီး ပြည်သူတွေ ထိတယ်၊ နေအိမ်တွေပေါ်ကျတယ်၊ သေနတ်အသံတွေက တချက်မှ မစဲသေးဘူး၊ အခုထိ ဆက်ဖြစ်တုန်းပဲ”လို့ သူက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမထဲမှာ အခုရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲကြောင့် အာရှလမ်းမပိုင်းမှာ အသွားအလာပိတ်ခဲ့ရကာ ခရီးသည်နဲ့ ယာဉ်အများအပြား ပိတ်ဆို့နေတယ်လို့ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.