ကျိုက်ထို၊ အောက်တိုဘာ (၂၀)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က တင်အင်အား ၃၀၀ ကျော်နဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုလားတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်ထဲက ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ မုပ္ပလင်နဲ့သိမ်ဇရပ်အကြားက ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က အခုလိုပဲ ပြောပါတယ်။
“မုပ္ပလင်နဲ့ ကျိုက်ထို ဒေသပေါ့ ။ မုပ္ပလင် သိမ်ဇရပ်နဲ့ နီးတဲ့ အဲဒီကြားကရွာတွေကတော့ အခုစစ် ကြောင်းထိုးနေတယ်။ တိုက်ပွဲကလည်း နေ့စဉ်လိုပဲ ဖြစ်နေတယ်။” လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကနေ ၁၈ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲ ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရထားသလို KNLA ပူးပေါင်းတပ်ဘက်က ၄ ဦးကျဆုံးထားတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေကြောင့် ပျဉ်းကတိုးကုန်းကျေးရွာအပါအဝင် အနီးနာကျေးရွာ ၁၀ ရွာက ဒေသခံ ၅၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
” စစ်ရှောင်က ငါးထောင်လောက်ရှိမယ်။ တချို့ကျတော့လည်း တခြား အသိဆွေမျိုးတွေအိမ်မှာ နေကြတာပေါ့လေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီရက်ထဲမှာ စစ်ကြောင်းထိုးရမယ်ဆို ထိုးမှာပေါ့။ သူတို့မှာ ညွှန်ကြားချက်က ရှိပြီးသား။ ကင်မွန်းချောင်း ဖြစ်စဉ်ကတော့ တိုက်ဆိုင်သွားတာ ဖြစ်လိမ့်မယ် “ကိုအေးမင်းထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူဟာ ဆောင်းရာသီထဲ ရောက်လာတဲ့အတွက် အဝတ်အထည်၊ စားနပ်ရိက္ခာ အပါအဝင် ဆေးဝါးတွေအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လာပေမယ့် အခုလို တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတာ မရှိခဲ့ပါဘူး။
KNU သထုံခရိုင် တာဝန်ရှိသူတွေကတော့ စစ်ကောင်စီဘက်က ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာပါက နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်