ရန်ကုန် – အောက်တိုဘာ(၂၀)

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲဝင် (၂၀) ကျော်ဟာ ဒီလအစပိုင်းကနေ အခုချိန်ထိ ပြည်သူတွေနဲ့ ပူးပေါင်းလာတယ်လို့ CDM အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေနဲ့ ပူးပေါင်းလာခဲ့တဲ့ ရဲတပ်သားတွေဟာ လူငယ်ပိုင်းအရွယ်တွေဖြစ်ကာ ကူညီပေးနေ သူတွေဆီကို နေ့စဉ်နီးပါးဆက်သွယ်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အခုလို ရဲတပ်သားတွေ CDM ဝင်နေတဲ့အတွက် မြို့ပေါ်က ရဲစခန်းတွေမှာ တင်းကြပ်မှုတွေရှိနေတယ်လို့ CDM ရဲအုပ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုပြီး တာဝန်ရှိတဲ့ စခန်းမှူးတို့၊ခရိုင်မှူးတို့ အဲ့ဒါတွေကို ဒီလိုမျိုးတွေ ဖြစ်ရတဲ့အတွက်ဖြစ်အောင် ဖိအားပေးတာမျိုးတွေ ၊နောက်ပြီးဖုန်းတွေသိမ်းတာကအစ အပြင် ပေးမထွက်တဲ့အခြေအနေထိ ကန်သတ်ထားတဲ့အကြောင်း ကြားသိရပါတယ်ခင်ဗျ” လို့ CDM ရဲအုပ်က ပြောပါတယ်။

ပြည်သူတွေနဲ့ ပူးပေါင်းခဲ့တဲ့ လူငယ်ရဲတပ်ဖွဲ့ဝင်တွေကို လွတ်မြောက်နယ်မြေတွေနဲ့ စစ်ကောင်စီ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေကို ပို့ဆောင်ပေးထားတယ်လို့ သူက ပြောပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် အဝေးသင်စာမေးပွဲဖြေဖို့ ခွင့်ပြန်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက သုံးပုံနှစ်ပုံလောက်ဟာ သက်ဆိုင်ရာ ဌာနတွေကို ပြန်လည် ရောက်ရှိလာတာမရှိသလို အဆက်အသွယ်မရနေဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မုန်ကန်မှုရှိမရှိကို သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစား နေပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သား (၂) သောင်းနီးပါးရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ရင်ခွင် အဖွဲ့က သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.