ရန်ကုန် – အောက်တိုဘာ(၁၉)

ရန်ကုန်မြို့အင်စိန်ထောင်ရဲ့ ထောင်ဝင်စာပေးပို့တဲ့နေရာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာအပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အတွက် ကျူးလွန်ခဲ့တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူသွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ(၁၉) ရက်နေ့ မနက်ပိုင်းက အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပေးပို့တဲ့ နေရာနား မှာပေါက်ကွဲမှု (၂) ကြိမ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် အကျဉ်းဦးစီးဝန်ထမ်းတချို့နဲ့ ထောင်ဝင်စာပို့ဖို့ရောက်နေတဲ့ ပြည်သူအနည်းဆုံး (၅) ဦးသေဆုံးခဲ့တာပါ။

သေဆုံးခဲ့သူတွေထဲမှာ အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရုံးထုတ်ရက်နဲ့ ထောင်ဝင်စာ ပို့တဲ့ ရက်ဖြစ်တဲ့အတွက် ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိခင်နဲ့ မိသားစု ဝင်တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီဖြစ်စဉ်ကို အသေးစိတ်စုံစမ်းနေသလို ဒီဖြစ်ရပ်မှာ သေဆုံးခဲ့ ရတဲ့ အရပ်သားပြည်သူတွေရဲ့ သေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအပေါ် ဥပဒေမဲ့ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်နေမှုတွေကို အကာအကွယ်ပေးရေး ပြည်သူ့ခုခံတော်လှန်စစ်ကို စစ်သည် တော်ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆင်နွှဲနေတာဖြစ်ပြီး စစ်ရေးဆိုင်ရာ ပစ်မှတ် ကို စစ်အာဏာရှင်ရဲ့ ယန္တရားတွေကိုသာ ချေမှုန်းဖို့၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ၊ ပစ်မှတ် ထားတိုက်ခိုက်တာတွေမလုပ်ရဘူးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ ဆိုထားပါတယ်။

အရပ်သားပြည်သူတွေကို ထိခိုက်စေတဲ့ ဘယ်လိုလုပ်ရပ်မျိုးကို မဆို ကျူးလွန်တဲ့အဖွဲ့တွေကို NUG အနေနဲ့ ကန့်ကွက်ရှုတ်ချရုံသာမက ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်း၊လူပုဂ္ဂိုလ် တွေကို တရားဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်နိုင်ဖို့ မဖြစ်မနေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာလဲ အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာပို့တဲ့နေရာကို ဗုံးဖောက်ခွဲခဲ့တဲ့အဖွဲ့ကို ဝေဖန်မှုတွေရှိနေပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုမှုတွေလဲရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.