ရန်ကုန်၊ အောက်တိုဘာ(၂၀)

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ စားအုန်းဆီခွဲတမ်း လာထုတ်တဲ့ ဗိုလ်ကြီးဇနီးမောင်နှံနဲ့ တပ်သားတစ်ဦးတို့ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်မြို့နယ် (၁၃)ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ပေါင်းစီးလမ်းထောင့်က သီရိမြိုင် မှတ်တိုင်နားမှာ ဒီနေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က သူတို့သုံးဦး လမ်းလျှောက် လာနေစဉ်မှာ ကားတစ်စီးပေါ်ကနေ လူသုံးယောက်ဆင်းလာပြီး မျက်နှာချင်းဆိုင်ကနေ သေနတ်နဲ့ (၁၁)ချက်ပစ်ခတ်ခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ ပြောကြားထားခြင်း မရှိသေးပါဘူး။

သေနတ်နဲ့ ပစ်ခတ်ခံရသူတွေဟာ ဗိုလ်ကြီး မြင့်ဆွေ (အမြောက်တပ်-အောင်ပန်း၊ စစ်တက္ကသိုလ်အမှတ်စဉ်-၅၃၊ အမှတ်-၂/ခ၊ ပေါင်းစီးလမ်း၊ ၁၃- ရပ်ကွက်၊ လှိုင်မြို့နယ်)၊ ဇနီးဖြစ်သူ မရတနာဦး နဲ့ တပ်သား အောင်ကိုမင်း တို့ ဖြစ်တယ်လို့ စစ်ကောင်စီ ဘက်က သတင်းတွေအရသိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဗိုလ်ကြီးမြင့်ဆွေ ( ဦးခေါင်း ထိမှန်ဒဏ်ရာတစ်ချက်) ၊ မရတနာဦး (ကျောကုန်း ဝဲဘက် ဖောက်ဝင် ဒဏ်ရာနှစ်ချက်) ၊ တပ်သားအောင်ကိုမင်း( ဦးခေါင်း ထိမှန်ဒဏ်ရာ တစ်ချက်) ရရှိပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှာ 9 MM LUGER ကျည်ခွံ (၁၁)ခု တွေ့ရှိခဲ့ပြီး သေဆုံးသူ တွေကို မဂ်လာဒုံစစ်ဆေးရုံ(ခုတင်-၁၀၀၀)ကို ပို့ဆောင်ထားတယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေက အခင်းဖြစ်ရာနေရာကို လုံခြုံရေး တိုးမြှင့်ထားပြီး စိစစ်ရှာဖွေနေပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.