မြဝတီ၊ အောက်တိုဘာ (၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမအနီး ညောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ကနေ သိရပါတယ်။

အောက်တိုဘာ(၁၉)ရက်နေ့ မနက်ပိုင်းက ညောင်ချောင်းကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက် လေကြောင်း တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တော်တွေရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မ (၄၄)က ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ဗျူဟာမှူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့တာကြောင့် စစ်ကောင်စီဘက် လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် KNU တပ်မဟာ(၆) နယ်မြေ မြဝတီ-အာရှလမ်းမအနီး တောနော်ရေတံခွန်ဝန်းကျင်တစ်ဝိုက်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ(၁၈)ရက်နေ့ ညပိုင်းကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း အာရှလမ်းမ ကော့ကရိတ်အဆင်းဘက်ခြမ်းမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

အာရှလမ်းမှာ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်နေသလို တိုက်ပွဲကြောင့် အာရှလမ်းမပေါ်မှာ ကုန်တင်ကားအပါအဝင် ခရီးသွားကား ရာနဲ့ချီ ပိတ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမအနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမအနီး တဂေး၊ ခုတ်ခွား၊ ကြာအင်းစတဲ့ ကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းအဖွဲ့က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.