ရန်ကုန်၊ အောက်တိုဘာ (၂၀)

မြန်မာ့ အင်တာနက် လွတ်လပ်ခွင့်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ဆက်တိုက်ကျဆင်းလာနေခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲက တရုတ်နိုင်ငံနည်းတူ တစ်နိုင်ငံဖြစ်လာတယ်လို့ ဒီနှစ်အတွက် ကမ္ဘာ့ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်း ဒုတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မှာတော့ မြန်မာဟာ တရုတ်နိုင်ငံ နည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေးချိုးဖောက်မှုတွေမှာ ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာခဲ့တယ်လို့ အဲဒီကမ္ဘာ့စစ်တမ်းမှာ မြန်မာနိုင်ငံအတွက် စစ်တမ်းကောက်ယူခဲ့တဲ့ Free Expression Myanmar အဖွဲ့က ပြောပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဒါဇင်နဲ့ ချီတဲ့ အညွှန်းကိန်းတွေကို အသုံးပြုပြီး ကမ္ဘာ့နိုင်ငံတွေကို နှိုင်းယှဉ်လေ့လာချက်အရ မြန်မာနိုင်ငံရှိ အင်တာနက်လွတ်လပ်ခွင့်ကဏ္ဍဟာ စုစုပေါင်း ရမှတ် ၁၀၀ အနက် အာဏာသိမ်းပြီး ပထမနှစ် ၂၀၂၁ခုနှစ်မှာ ရရှိခဲ့တဲ့ ရမှတ် ၁၇ မှတ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဆက်တိုက်ကျဆင်းလာပြီး ရမှတ် ၁၂ မှတ်သာ ရရှိတော့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အင်တာနက် လက်လှမ်းမီတဲ့ သုံးစွဲနိုင်မှုကဏ္ဍမှာ စုစုပေါင်းရမှတ် ၂၅ မှတ်သတ်မှတ်ထားရာ လက်ရှိ အချိန်မှာ ၂ မှတ်ကို သာ ရရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်က‌တော့ ၄မှတ်ရထားတာပါ။

ဒါဟာ အာဏာသိမ်း စစ်တပ်က နိုင်ငံအနှံ့အင်တာနက် ဖြတ်တောက်မှုတွေ ပြုလုပ်ဖို့ အမိန့်ပေးတာ၊ စီးပွားရေးကျဆင်းတဲ့ အခြေအနေမှာ မိုဘိုင်းဒေတာခတွေနဲ့ ဆင်းကတ် အခွန်အခတွေ တိုးမြှင့်ကောက်ခံတာ စတဲ့ လူတိုင်းလက်လှမ်းမမီစေဖို့ တမင်လုပ်ဆောင်ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

အင်တာနက်သုံးစွဲမှု အကြောင်းအရာကန့်သတ်မှု ကဏ္ဍမှာ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်က ရရှိခဲ့တဲ့ ရမှတ် ၇ မှတ်မှ ကနေ ၂၀၂၂မှာ ၆ မှတ်ကိုသာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် သုံးစွဲသူအခွင့်အရေးချိုးဖောက်ခြင်းကဏ္ဍမှာ လည်း မြန်မာဟာ စုစုပေါင်း ရမှတ် ၄၀ အနက် ၄ မှတ်သာ ရခဲ့ပြီး ၂၀၂၁ ခုနှစ် ရမှတ်၆ မှတ်ကနေ ထပ်မံကျဆင်းလာတာပါ။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံလိုမျိုး အဆင့်မြင့်နည်းပညာအသုံးပြုကာ အင်တာနက်သုံး စွဲသူတွေကို ပိတ်ဆို့တာ၊ ဆင်ဆာ ဖြတ်တောက်တာ၊ အနှောင့်အယှက်ပြု ဖိနှိပ်တာတွေ မလုပ်သေးပေမယ့် အင်တာနက်ဖြတ်တောက်တာနဲ့ ဒစ်ဂျစ်တယ်သုံး စွဲသူ တွေကို ဖမ်းဆီးထောင်ချတာတွေမှာ တရုတ်နိုင်ငံထက် ပိုမိုဆိုးရွားနေတာဖြစ်တယ်လို့ ကမ္ဘာ့ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.