မော်လမြိုင်၊ အောက်တိုဘာ (၂၀)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်၊ မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေပြီလို့ ပြောဆိုနေပေမယ့် အဲဒီစီမံကိန်းဟာ လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာပါ။

စစ်ခေါင်ဆောင်က ခရီးသွား ဝင်ရောက်မှု ပိုမို အားကောင်း လာစေဖို့နဲ့ လေကြောင်းကနေ ကုန်စည် စီးဆင်းမှုတွေ မြှင့်တင်ဖို့အတွက် မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေပြီလို့ ပြီးခဲတဲ့ အောက်တိုဘာ (၁၈)ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ပြုလုပ်တဲ့ အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ အဲဒီစီမံကိန်းကို ဘယ်လိုပုံစံနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ အခြေအနေ အပါအဝင် စီမံကိန်း သတ်မှတ်ကာလနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုသွားတာ မရှိပါဘူး။

အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းစီမံကိန်းဟာ အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်ငြိမ်တာ၊ တိကျတဲ့ စီးပွားရေး မူဝါဒ မရှိတာကြောင့် စီးပွားရေးအတွက် အကျိုးရှိမှာ မဟုတ်သလို ဖြစ်နိုင်ဖို့လည်း မလွယ်ဘူးလို့ စီးပွားရေး ပညာရှင် တစ်ဦးကတော့ သုံးသပ်တာပါ။

“ဆိပ်ကမ်းတွေဘဲ လုပ်ထားထား ဒီလိုလုပ်လို့ နိုင်ငံခြားက သင်္ဘောတွေ အဝင်အထွက်တွေ များလာလိမ့်မယ်လို့ ကျိန်းသေပြောလို့ မရဘူး၊ ပြည်တွင်းမှာ စီးပွားရေး မူဝါဒတွေ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ တည်ငြိမ်မှု မရှိဘဲနဲ့ ဆိုရင် စီးပွားရေးဟာ ကောင်းမလာနိုင်ပါဘူး။ ဘယ်လိုပဲ ကြည့်ကြည့် ဒါကတော့ သေချာပါတယ်နော်။ ပြည်တွင်းမှာ နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့ လိုတယ်။ အဲဒီ နိုင်ငံရေး တည်ငြိမ်မှု ရှိမှသာလျှင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ်။ ကုန်သွယ်ရေးတွေ ကောင်းလာမယ်။ အဲဒါမှသာလျှင် စီးပွားရေး အခြေအနေက ရေရှည် ကောင်းနိုင်မှာပေါ့။ အဲဒါတွေ ကြည့်လိုက်လို့ ရှိရင် စီးပွားရေးအခြေအနေက အလားအလာ ကောင်း၊ မကောင်းဆိုတာ ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ဆိုရင် နိုင်ငံရဲ့ စီးပွားရေး ပြန်လည် ကောင်းမွန်အောင် ဦးစာပေး လုပ်ဆောင်ရမှာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ မရှိဘဲ အခုလို စီမံကိန်းကြီးတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းနေပေမယ့်လည်း လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ဒီစီမံကိန်းကို ကုမ္ပဏီတွေအနေနဲ့ လုပ်ဆောင်ပါကလည်း တွက်ခြေ မကိုက်နိုင်သလို လက်ရှိအခြေအနေအရ နိုင်ငံတော် ဘတ်ဂျက်နဲ့ လုပ်ဆောင်မယ်ဆိုပါက ပိုမဖြစ်နိုင်တဲ့အတွက် အိပ်မက်ပေးသလိုသာ ဖြစ်တယ်လို့ ဝေဖန်တာပါ။

“အဲ့ဒီဟာကို ဘယ်သူက လုပ်မှာလဲပေါ့။ ဘယ်သူက လုပ်မှာလဲ ဆိုတာက ကုမ္ပဏီကနေ လုပ်မှာလား။ နိုင်ငံတော် ဘတ်ဂျက် သုံးပြီး လုပ်မှာလားပေါ့လေ။ ဒါက နှစ်ခုစလုံးကတော့ မလွယ်လောက်ဘူးပေါ့နော်။ တကယ်လို့ ကုမ္ပဏီ အနေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ပြီးတော့ ပုဂ္ဂလိက အနေနဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ပြီးတော့မှ လုပ်မယ် ဆိုလိုရှိရင်တော့ စီးပွားရေးအရ တွက်ခြေကိုက်ဖို့ကတော့ အင်မတန် အားနည်းတယ်လေ။ နောက်တစ်ခုက နိုင်ငံတော် အနေနဲ့ သုံးမယ်ဆိုလိုရှိရင်လည်း နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ နိုင်ငံတော်က ဒီဒေသ ဖွံ့ဖြိုးရေး အတွက် သုံးမယ် ဆိုလိုရှိရင်တော့ အဲ့ဒီမှာ သူတို့ သုံးမယ့် ဘတ်ဂျက်ကရော နိုင်ငံတော် ဘတ်ဂျက်ကရော ကျွန်တော် ထင်တာတော့ ဒီအချိန်မှာ မလွယ်လောက်ဘူးပေါ့နော်။ နိုင်ငံတော်အနေနဲ့တောင်မှ တခြားသော လိုအပ်ချက်တွေက အများကြီး ရှိတယ်လေ၊ ဒီဟာ သီးခြား တစ်ခုထက်လုပ်ဖို့ ကတော့ အဲဒါကြောင့် ကျွန်တော်တို့ကို အိပ်မက်ပေးသလိုဘဲ ခံစားရတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ မြေဧကပေါင်း (၄၆၀၀)ကျော် လျာထားပြီး စီမံကိန်းအတွက် မြေယာ သိမ်းဆည်ဖို့နဲ့ မြေယာ လျော်ကြေးပေးဖို့ ပြင်ဆင်နေတာပါ။

စစ်ကောင်စီကတော့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ ကော့ပရံကျေးရွာအနီးမှာ လျားထား ဆောင်ရွက်နေသလို နိုင်ငံတကာအဆင့်မီ ပင်လယ် ဆိပ်ကမ်းကိုတော့ မုဒုံမြို့နယ်ရှိ ပင်လယ် ထွက်ပေါက်နဲ့ နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာ ကြားမှာ တည် ဆောက်ဖို့ လုပ်ဆောင်ထားပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စုကောင်းစားရေး အာဏာရှင်စီမံကိန်းမျှသာ ဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က သဘောထားထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.