ရန်ကုန်၊ အောက်တိုဘာ (၂၀)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ လက်နက် ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ ISP – Myanmar က ထုတ်ပြန်ပါတယ်။

ISP-Myanmar အဆိုအရ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေကြား တိုက်ပွဲပေါင်း ၄၅၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ LDF၊ PDF၊ CDF၊ CNDFနဲ့ KNDF စတဲ့ အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုမှာ ၂၁၆၉ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar က ဆိုထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် ဒေသခံကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ကြား ဖြစ်ပွားခဲ့ကြတာရှိသလို တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်ပွားခဲတဲ့ တိုက်ပွဲတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှု ၆၂၂ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တာပါ။

စစ်အာဏာသိမ်းမှုအလွန် နိုင်ငံတဝန်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲ ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၃၈၃ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ တိုက်ပွဲပေါင်း အကြိမ်ရေ ၈၃၀ နဲ့ ဒုတိယအများဆုံး ဖြစ်ပွားခဲ့တာပါ။

ISP-Myanmar ရဲ့ အဆိုအရ တစ်နှစ်နီးပါး အပစ်ရပ်နားထားတဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ခြောက်ခုမှာ တိုက်ပွဲအကြိမ်ရေ ၄၀ ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ရခိုပြည်နယ်အတွင်း စစ်ကောင်စီဘက်ကနေ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ရှိခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ISP-Myanmar ကတော့ အခု ဖော်ပြပါ အချက်အလက်တွေဟာ လွတ်လပ်တဲ့ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေပြုပြီး လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုမိုများပြားနိုင်တယ်လို့ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.