မော်လမြိုင်၊ အောက်တိုဘာ (၂၀)

နိုင်ငံတဝန်းမှာ အာဏာသိမ်း စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ပြီး ချိပ်ပိတ်သိမ်း ဆည်းထားတဲ့ တန်ဖိုးရှိ ပစ္စည်းအများစုဟာ တရားရုံးသို့ သက်သက်ခံပစ္စည်းအဖြစ် တင်သွင်းမှုမှာ ပါဝင်လာခြင်း မရှိဘဲ ပျောက်ဆုံးနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့သူတွေနဲ့ ကူညီထောက်ပံ့သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီး ပိုင်ဆိုင်မှုကို ချိပ်ပိတ်တာနဲ့ သိမ်းဆည်းမှုတွေ ဆက်တိုက်လုပ်နေတာပါ။

ချိပ်ပိတ်တာနဲ့ သိမ်းဆည်းမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို လုပ်ဆောင်နေတာ ဖြစ်ပြီး သိမ်းဆည်းစဉ် ယူဆောင်လာခဲ့တဲ့ ရွှေငွေအပါအဝင် တန်းဖိုရှိ ပစ္စည်းတွေဟာ တရားရုံး တင်ချိန်မှာ ပါဝင်ခြင်း မရှိဘူးလို့ တရားလွှတ်တော် ရှေ့နေ့ တစ်ဦးက ပြောပါတယ်။

ဥပဒေအရ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်ဆိုပါက ရဲရှာဖွေပုံစံနဲ့သက်သေတွေအရှေ့မှာ သိမ်းဆည်းရမှာဖြစ်သလို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ် ၈၇ အရ တရားရုံး ဝရမ်းတောင်းပြီးမှ သိမ်းဆည်းရမှာ ဖြစ်ကြောင်းနဲ့ သိမ်းဆည်းအဖွဲ့ ခေါင်းဆောင် လက်မှတ်၊ မူလပိုင်ရှင်လက်မှတ်တွေပါ ရှိရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတဲ့သူတွေရဲ့ ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းအားလုံးကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူနိုင်ဆိုပေမယ့် သက်သေခံပစ္စည်းတွေကို တရားတော်သို့ မဖြစ်မနေ တင်သွင်းပေးရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ အဖွဲ့တွေဟာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး တရားရုံး တင်သွင်းချိန်မှာ ရွှေငွေ၊ ကားနဲ့ တန်ဖိုးရှိ ပစ္စည်း အများစု တင်သွင်းခြင်း မရှိဘဲ ဖုန်းနဲ့ လက်တော့ပ်တွေကိုသာ အဓိက တင်သွင်းနေတဲ့အတွက် အမှုသည်တွေမှာ နစ်နာရှုံးဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် နေအိမ်နဲ့ ပိုင်ဆိုင်မှု ထောင်နဲ့ချီ ချိပ်ပိတ်ထားရသလို ချိပ်ပိတ်ခံထားရတဲ့ ပိုင်ရှင်တွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီက သိမ်းဆည်းတာတွေ ဆက်တိုက်လုပ်နေတာပါတယ်။

နိုင်ငံရေးအကျဉ်သားများ ကူညီမှုစောင့်ရှောက်မှုအသင်(AAPP) ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ ချိပ်ပိတ်ခံထားရတဲ့ နေအိမ် ၇၈၀ ထက်မနည်း ရှိတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.