ယာ့စ်၊ အောက်တိုဘာ (၁၉) 

ရုရှားနိုင်ငံ တောင်ပိုင်း ယာ့စ်မြို့က လူနေရပ်ကွက်တစ်ခုထဲ စစ်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ပြီး ၂၅ဦး အထိ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်လေယာဉ်ပျက်ကျခဲ့မှုကြောင့် တိုက်ခန်းတစ်ခန်း မီးလောင်ခဲ့ပြီး မီးသတ်ကားနဲ့ ကယ်ဆယ်ရေးတွေ ခေါ်ယူခဲ့ရတာပါ။ အနီးပတ်ဝန်းကျင်က ကျောင်းတစ်ကျောင်းက ကလေးတွေကိုလည်း ဘေးလွတ်ရာကို အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ Su-34 တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းရေးပြုလုပ်နေစဉ်မှာ အင်ဂျင်တစ်လုံးမီးလောင် ပေါက်ကွဲခဲ့ပြီး ပျက်ကျခဲ့ တာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုမတိုင်မီ လေယာဉ်အတွင်းမှ လေယာဉ်မှူးတွေ ထွက်ခွာသွားနိုင်ခဲ့တယ်လို့လည်း ပြောကြားထားတာပါ။ ဒီလို ပြောကြားပြီး မကြာမီမှာပဲ မြေပြင်ပေါ်မှာ လေထီးတစ်ခုနဲ့ လဲကျနေတဲ့ လေယာဉ်မှူးတစ်ဦးကို ဒေသခံတွေက ကူညီဖို့ ကြိုးစား နေတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်လာခဲ့တာပါ။

“လေယာဉ်ပေါ်ကနေ ခုန်ခဲ့တဲ့ လေယာဉ်မှူးတွေရဲ့ အစီရင်ခံစာအရ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းက လေယာဉ်ပျံ တက်ချိန်မှာ အင်ဂျင်တစ်လုံး မီးလောင်သွားလို့ပါ” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Su-34 လေယာဉ် ဆင်းသက်တဲ့ အချိန်မှာ လူနေရပ်ကွက်တစ်ခုရဲ့ ဝန်းထဲကို ပျက်ကျခဲ့ပြီး  လေယာဉ်ရဲ့ လောင်စာဆီတွေ ကြောင့် မီးလောင်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ယာ့စ်မြို့ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့  ကရာစ်နိုဒါ နယ်မြေအုပ်ချုပ်ရေးမှူးကပေးပို့တဲ့ ကြေးနန်းစာမှာတော့ မြို့ကိုသွားရာလမ်းမှာ ဒေသဆိုင်ရာ မီးသတ်တွေနဲ့ ကယ်ဆယ်ရေးတွေအားလုံး ပါဝင်ကူညီပြီး မီးငြိမ်းသတ်ခဲ့တယ်လို့ ပါရှိပါတယ်။

ဒေသတွင်းမီဒီယာတွေကတော့ လူနေအိမ်အထပ်ပေါင်း ၅ထပ် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။

အနီးနားမှာရှိတဲ့ အလယ်တန်းကျောင်းက ကျောင်းသားတွေကိုလည်း အောင်မြင်စွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့  ရုရှားရဲ့ သတင်း ဝဘ်ဆိုက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

ယာ့စ် မြို့လယ်ရှိ မီးဘေးသင့် ဒုက္ခသည်တွေကို လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို နိုင်ငံတော် အဆင့် အမိန့်ပေးထားပြီး အကြီးတန်း အစိုးရအရာရှိတွေကိုလည်း အကျပ်အတည်း တုံ့ပြန်ရေးစင်တာဖွင့်ပြီး ကူညီနိုင်ဖို့ ပူးပေါင်း ညှိနှိုင်းရန် စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီကတော့ ရာဇဝတ်မှုဖွင့်ထားပြီး လေယာဉ်ပျက်ကျတဲ့ နေရာကို စုံစမ်းစစ်ဆေးသူတွေ စေလွှတ် ထားတယ်လို့ ပြောပါတယ်။

ယာ့စ်မြို့ဟာ ယူကရိန်းတောင်ပိုင်းရှိ ရုရှားသိမ်းပိုက်ထားသော နယ်မြေနဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိပြီး အဲဒီမြို့ကို ရုရှားရေတပ် က လေကြောင်းဆိုင်ရာ  အဓိက လေ့ကျင့်ရေးကွင်း အဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.