မော်လမြိုင်၊ အောက်တိုဘာ (၁၉)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဒီအမှုအတွက် ကျိုက်မရောဗဟိုအကျဉ်းထောင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။

ဒီရုံးချိန်းမှာတော့ စစ်ကောင်စီရဲ့ တရားလို ဖြစ်တဲ့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်နဲ့ တရားလို သက်သေ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်လင်းထက်တို့ကို စစ်ဆေးခဲ့တာပါ။

ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ ကျန်းမာကောင်းမွန်နေပြီး လာမယ့်ရုံးချိန်းကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ထပ်မံချိန်းဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.