မော်လမြိုင်၊ အောက်တိုဘာ (၁၉)

၂ နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့တဲ့အတွက် မွန်ပြည်နယ်ထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြနေတဲ့ ဆားတောင်သူတချို့ဟာ ဒီနှစ်ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ လုပ်ငန်းတွေ ရပ်နားလိုက်ရပြီလို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆားတောင်သူတွေဟာ ၂ နှစ်ဆက်တိုက် ရာသီဥတု ဖောက်ပြန်ပြီး ဆားကွင်းအဖျက်မိုးတွေ ကြုံတာ၊ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် ရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဆားတောင်သူတွေဟာ ဒီနှစ် ဆားရာသီအစမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုကို ထပ်မံ ရင်ဆိုင်နေရတဲ့အတွက် ဆားဖိုငယ်တွေ အပါအဝင် လုပ်ငန်းတချို့ အပြီးပိုင် ရပ်နားလာကြတယ်လို့ ဆားတောင်သူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မနှစ်က ဆားအရ နည်းတယ်လေ။ အလုပ်သမား ဈေးတွေက မြင့်တယ်။ နောက်ဆား ဈေးကလည်း တော်ရုံတန်ရုံ လောက်ပဲ ရတာပေါ့။ ကျွန်တော်တို့က လျာထားတာတော့ (၄)သိန်းလောက်ပေါ့၊ ဆားပိဿာချိန် (၄)သိန်းလောက် လျာထားတာ ဆားပိဿာချိန် (၂)သိန်း လောက်ပဲ ရတယ်။ တစ်ဝက်လောက် လျော့သွားတယ်။ နောက်ဆားကလည်း အရည်အသွေး မပြည့်ဘူးပေါ့။ ရာသီဥတု ဖောက်ပြန်တဲ့ အခါကျတော့ အချိန်မီ မကျုံးနိုင်ဘူးလေ၊ ကျွန်တော်တို့ မိုးနဲ့ လုကျုံးခဲ့ရတော့ ဆား အပွင့်တွေက အပွင့် ကောင်းကောင်း မဖြစ်ဘူးပေါ့။ ဒီနှစ်တော့ ကျွန်တော်တို့က ဒီဇယ်ဈေး များတာနဲ့ အလုပ်သမားခ စရိတ်တွေပိုတာနဲ့ ဆိုလိုရှိရင် တချို့တော့ မထွက်နိုင်မထွက်ဘူး။ တချို့ ဖိုငယ်လေးတွေလေ သူတို့ မကိုက်ဘူး ဆိုပြီး သူတို့ မထွက်တာ ရှိတယ်၊ တချို့တလေ ဖိုငယ်တွေ ကြတော့ မလုပ်နိုင်ဘူးပေါ့၊ ကုန်ကျ စရိတ်တွေက များတော့ သူတို့ မလုပ်နိုင်ဘူး”လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ နေလှန်ဆားကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားလုပ်ငန်းတချို့ ရပ်နားလာကြတာ ဖြစ်ပါတယ်။တဖက်မှာတော့ ဆားလုပ်ငန်း ပြန်လုပ်နေကြတဲ့ ဆားတောင်သူတွေကလည်း အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှု ဒဏ်ကို အလူးအလဲ ခံစားနေရတာပါ။

ဆားတောင်သူ တစ်ဦးကတော့ ဆားလုပ်ငန်းကို မိရိုဖလားအလုပ်တစ်ခုအဖြစ် အရှုံးခံပြီး လုပ်ကိုင်နေပေမယ့် ဒီနှစ်မှာ ထပ်ပြီး အရှုံးနဲ့ ရင်ဆိုင်ရပါက လုပ်ငန်းတွေ အပြီးပိုင် ရပ်နားလာရနိုင်တယ်လို့ သုံးသပ်တာပါ။

“(၂၀၂၁)ကလည်း ဈေးနှုန်း မရှိဘဲနဲ့ လာနီညာကြောင့် ဆားက တဝက်ထဲဘဲ ရတယ်။ ထွက်တဲ့ တားဂတ်ရဲ့ (၅၀) ရာခိုင်နှုန်း တောင် မပြည့်ဘူး။ အဲဒီ (၂၀၂၁)က အရှုံးနားတာပေါ့။ ပြီးရင် (၂၀၂၂)ကတော့ လာနီညာ ပြန်ဆက်တိုက်ဖြစ်တော့ ဆားက နည်းသွားတဲ့ အတွက်ကြောင့် မို့လို့ ဈေးနှုန်းက အထိုက် အလျောက် တက်လာတယ်။ အဲဒီ တက်တဲ့ အပေါ်မှာတော့ အရှုံး နည်းနည်း သက်သာ လာတာပေါ့ဗျာ။ ဒါပေမယ့် မမြတ်ပါဘူး ရှုံးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီဆားလုပ်ငန်း ဆိုတာက ရပ်ထားလို့ မရဘူး။ ရပ်ထားလိုက်ရင် ကိုယ့်ရဲ့ ဆားမြေတွေက (၁)နှစ် (၂)နှစ် ရပ်လိုက်တာနဲ့ အဲ့ဒီမြေ အားလုံး မြက်တွေ ပေါက်ပြီး ရှင်းမနိုင်ဘဲနဲ့ အများကြီး ပျက်စီးသွားမယ်။ အဲ့တာကြောင့် မို့လို့ အရှုံးခံပြီးတော့လည်း နှစ်တိုင်း မိရိုဖလာ အလုပ်ကို လုပ်ပေးနေရတယ်။ ဒီဆားလုပ်ငန်းက (၃)နှစ်လောက် ရှုံးလာပြး ဆိုရင်တော့ နောက်ဆုံးကျရင်တော့ ကွင်းပျက်လည်း ပျက်ပေါ့။ အခြေအနေက အခြေအနေ မကောင်းဘူး ဆိုရင်တော့ နားရတော့မယ့် ပုံစံကို ပြန်ဖြစ်မှာပေါ့ဗျာ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဆားကွင်းဖျက်မိုးကြောင့် ဆားတန်ချိန် ၂၀၀၀၀ လောက် ထွက်ရှိခဲ့တာပါ။

ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ မန္တလေး၊ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆားတောင်သူတွေ အများစုကတော့ စစ်တပ် အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ အပြီးပိုင် ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.