အာဏာသိမ်း စစ်အုပ်စုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ့်အကြောင်းနဲ့ တိုင်းရင်း သားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုလာပါတယ်။

ဒါကြောင့် စစ်အုပ်စုက ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ NCA စာချုပ်ကို ဆက်လက် စွဲကိုင် ဆောင်ရွက်မှုနဲ့ စစ်အုပ်စုရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လို တုံ့ပြန်လိုက်သလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက် သွယ် မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်အုပ်စုက တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက် စွဲကိုင်သွားမယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်သလဲ။

၂၀၀၈ အခြေခံ ဥပဒေကို သေသေချာချာ လေ့လာသုံးသပ်မယ်ဆိုရင် ၂၀၀၈အခြေခံ ဥပဒေက စစ်တပ်ကျောထောက် နောက်ခံ ပြုထားတဲ့၊ တနည်းအားဖြင့် စစ်ယူနီဖောင်းချွတ်ထားတဲ့ သူတွေ ထာဝစဉ် အာဏာရရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေ တစ် ခုလို့ပြောချင်တယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အခု၂၀၂၁အာဏာသိမ်းမှုမှာလည်း သေချာကြည်ကြည့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို သူတို့လိုချင်သလို လိုရာစွဲပြီးတော့ လုပ်လို့ရအောင်လို့ ရေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ အရမ်းထင်ရှားတယ်။ အဲဒါ တစ်ခု၊ နောက်တစ်ခုက လာမယ့်ရွေးကောက်ပွဲပေါ့။

သူတို့ပြောနေတဲ့ ၂၀၂၃မှာရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာပေါ့။ အဲဒီဟာတွေကို ကြည့်ခြင်းအားဖြင့်လည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက သူတို့အာဏာရရေး ထာဝစဉ်အာဏာရရေးအတွက် ရေးဆွဲထားတဲ့ဖွဲ့စည်းပုံ ဥပဒေတစ်ခုဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသနေတာဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုမှ လက်ခံလို့မရဘူး။ အခု၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈က ကျွန်တော်နားလည်တာ ဖျက်စီးပြီးသားဖြစ်တယ်။ ၂၀၀၈ ကို ကျွန်တော်တို့  လုံးဝကို အမှိုက်ခြင်းထဲကို ပစ်ထည့်ပြီးသားဖြစ်တယ်။ ၂၀၀၈ကို ကျွန်တော်တို့ ဘာမှပြောစရာမရှိတော့ဘူး။ ငြိမ်းချမ်းရေး တည်ဆောက် မယ်ဆိုရင် နှစ်ဉီးနှစ်ဖက်ကြားထဲမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့အခါကျမှ ကြားကာလ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်ကြမလဲ။ နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးတော့မှ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောချင်တယ်။

-ပြီးတော့ စစ်ကောင်စီက တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA နဲ့ ဆက်လက် ဖြေရှင်းမယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော် ထင်တယ်။ NCAက စစ်တပ်ရဲ့ဆောင်ရွက်မှုကြောင့် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် NCAက ပျက်သုန်းသွားပြီ။ NCAနဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့  ရှေ့ဆက်ဆောင်ရွက်လို့ကို မရတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCAနဲ့လက်မှတ်ထိုးထားတာ ၁၀ဖွဲ့ ပဲရှိတယ်။ NCA ပြင်ပမှာအများကြီး၊ ဆိုတော့ အခုလက်ရှိဖြစ်ပေါ်လာတဲ့ ၂၀၂၁သူတို့စစ်တပ်ရဲ့ ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခု PDF တွေရှိနေပြီ။ NUG ရှိနေပြီ။ ဒါက လုံးဝပစ်ပယ်ထားလို့မရဘူး။ ဒါ လက်တွေ့ဖြစ်နေတာ။ အဲဒီ အခြေအနေတွေကို ကျွန် တော်တို့က မျက်ကွယ်ပြုပြီးတော့ NCAကိုပဲ ရှေ့ပဲဇောင်းပေးနေမယ်ဆိုရင်တော့ ကျွန်တော် တို့တိုင်းပြည်ရဲ့ နိုင်ငံရေး ပြသာနာ တွေက ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တော့ နားလည်တယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ခုက တိုင်းရင်းသား အင်အားစု တွေဆိုရင်လည်း NCA အတွင်းမှာရှိတာက ကျွန်တော်တို့ ၁၀ ဖွဲ့ပဲရှိတယ်။ ၁၀ဖွဲ့ ရှိတဲ့အပြင်ကို NCA ဆက်သွားတဲ့အထဲမှာ ပါနေ တာဆိုရင် ပြောမယ်ဆိုရင် ၇ ဖွဲ့ပဲရှိမယ်။ ကျန်တဲ့အဖွဲ့တွေမပါဘူး။ ထို နည်းလည်းကောင်းပဲ NCAမထိုးရသေးတဲ့ အဖွဲ့တွေ လည်း ရှိနေသေးတယ်ဆိုတော့ NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်လိုမှတည်ဆောက်လို့မရဘူးလို့ ကျွန် တော် ပြောချင်တယ်။

-ဒီဟာကရော အမှန်တကယ် အလုပ်ဖြစ်နိုင်မလား။ လက်ရှိမှာ စစ်အုပ်စုကတော့ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ အမြဲလို ပြောဆိုတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ABSDF အနေနဲ့ ဘယ်လို တုံ့ပြန်လိုပါသလဲ။

အခုစစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ပြောတယ်။ ကျွန်တော် တော့ ၂၀၀၈ကို အခြေ ခံခြင်း၊ အခြေမခံခြင်းတွေ မပြောချင်ပါဘူး။ တရားဉပဒေအတိုင်း သူဆောင်ရွက်တာတွေလား။ အခုလူသတ်နေတာတွေက တရားဥပဒေနဲ့အညီ လူသတ်နေတာတွေလား။ ကျွန်တော်တို့ ဒီပဲယင်း လက်ယက်ကုန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စ၊ နောက်တစ်ခု စစ်ကိုင်း တိုင်းမှာ အစုလိုက်၊ အပြုံလိုက်သတ်ခဲ့တဲ့ကိစ္စ၊ ဒီကိစ္စတွေက တရားဥပဒေနဲ့ညီသလား။

တရားဥပဒေအတိုင်း ဆောင်ရွက်နေတာလား။ အဲဒါမေးစရာဖြစ်တယ်။ သူ တရားဥပဒေအတိုင်း ဆောင်ရွက်နေတယ်ဆိုရင် တိုင်းပြည် ငြိမ်းချမ်းနေမှာပေါ့။ အဲဒါ ပြည်သူလူထုအားလုံးက သူ့ကိုလက်ခံမှာပေါ့။ အခု သူ့ကိုလက်မခံလို့ပဲ တစ်တိုင်းပြည်လုံးက လက်နက်ကိုင်ပြီးတော့ တော်လှန်နေတာ ဖြစ်တယ်လေနော်။ ဒီတော့ သူကဒီမိုကရေစီကို ထိန်းသိမ်းမှာမလို့ပြောတယ်ဆိုတော့ သူက ဒီမိုကရေစီကို ဆန့်ကျင်တဲ့ စစ်တပ်လေ။ ဒီမိုကရေစီကို လိုက်နာတယ်ဆိုရင် ဒီမိုကရေစီနဲ့ စစ်တပ်နဲ့က ဘာမှမဆိုင်ဘူး။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ကြည့်ကြည့်။ စစ်တပ်သည် အစိုးရရယ်၊ ပြည်သူလူထုက ရွေးချယ်တဲ့ အစိုးရလက်အောက်မှာပဲ ရှိရတယ်။ ဘယ်သူက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဆန့်ကျင်ပြီးတော့ အာဏာသိမ်းတာ ဖြစ်တယ်။ ဆိုတော့ ဒါကဘယ်လိုမှ ဒီမိုကရေစီကို ထိန်းသိမ်းတာမဟုတ်ဘူး။ ဒီမိုကရေစီကို ဖျက်ဆီးတာလို့ပဲ ပြောချင်တယ်။

-နောက်ဆုံး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုအနေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ဘယ်လိုမှတ်ချက်ပေးလိုပါသလဲ။

ကျွန်တော်တို့က အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံပေါ် အခြေခံပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ ၂၀၀၈ဖွဲ့ စည်းပုံ အခြေခံဥပဒေကို သဘောတူပြီး ကျွန်တော်တို့ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့က တိုင်းပြည်အတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တိုင်းပြည်အတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြသာနာတွေကို ဖြေရှင်းဖို့အတွက် အပစ်ခတ် ရပ်စဲရေး လုပ်ခဲ့တာဖြစ်တယ်။ အဲဒါ၂၀၀၈ကို အခြေခံပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်တဲ့ နိုင်ငံရေးပြသာနာကို ဖြေရှင်းလို့ မရဘူး။ ကျွန်တော်တို့က ၂၀၀၈ရဲ့အပြင်ဘက်ကနေ နိုငငံရေးပြသာနာတွေကိုဖြေရှင်းဖို့ တိုင်းပြည်တစ်ခုလုံး ငြိမ်းချမ်းဖို့ အတွက်ကို ကျွန်တော်တို့ အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တာလို့ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.