ဘီးလင်း၊ အောက်တိုဘာ (၁၉)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်အဟောင်းအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ဒုမြို့နယ်ရဲမှူး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ ည ၉ နာရီလောက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က အနီးကပ် လာရောက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ဘီးလင်းမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မြင့်စိန် ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ ဒုရဲမှူးရဲ့ ရုပ်အလောင်းကိုတော့ ဘီးလင်းပြည်သူ့ဆေးရုံကို့ပို့ဆောင်ပေးထားပြီး ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဘီးလင်းရဲစခန်းသို့ လာရောက် သယ်ဆောင်သွားတယ်လို့ ရပါတယ်။

ပြ့ီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီးမှာ ကား ၁၄ ပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားတာ ဖြစ်ပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲစခန်းတွေ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာ နေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.