ရေး – အောက်တိုဘာ(၁၈)
မွန်ပြည်နယ် ရေးမြို့နယ် ဒူးယားကျေးရွာအုပ်စု ပလိုင်းကီးကျေးရွာနားက တိုက်ပွဲမှာ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ MSRO တာဝန်ခံ ရဲဘော်သီဟနေစိုး(ခ)တိုဘီ(ခ) အဂ္ဂ ကျဆုံး ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့ နေ့လည်ပိုင်းက MSRO အဖွဲ့ တာဝန်ခံ ရဲဘော်သီဟနေစိုး နဲ့အဖွဲ့ဟာ အစင်ကျေးရွာ အုပ်စု ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းကို သွားရောက်တိုက်ခိုက် ပြီးပြန်လည်ဆုတ်ခွာလာချိန် ပလိုင်ကီး ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ထပ်မံတိုက်ပွဲဖြစ်ပွား ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ MSRO တာဝန်ခံ ရဲဘော်သီဟနေစိုး ကျဆုံးခဲ့ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ပြန်မရခဲ့ဘူးလို့ ဆိုထားပါတယ်။
MSRO အဖွဲ့ တာဝန်ခံရဲဘော်ကျဆုံးခဲ့ရပေမယ့် လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းခံရတာ မရှိဘဲ တခြားရဲဘော်တွေလည်း လုံခြုံတဲ့ နေရာကို ပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။
တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ နေရာမှာ ဇီးဖြူသောင်ရဲစခန်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံး ရှိခဲ့တယ်လို့ ဆိုထားပြီး ဘယ်လောက်သေဆုံးခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
ကျဆုံးသွားခဲ့တဲ့ ရဲဘော်သီဟနေစိုးဟာ ရေးမြို့နယ် NLD ပါတီလူငယ်တာဝန်ခံတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်