ရန်ကုန်၊ အောက်တိုဘာ (၁၉)

မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်ကို နေပြည်တော်ထောင်မှ ရန်ကုန် မြို့ရှိ အင်းစိန်အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ကြောင်း  အေအက်ဖ်ပီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မစ္စတာ ရှောင်တာနယ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာအရပ်ဘက် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး  အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ကောင်စီရဲ့ အထူးတရားရုံးကနေ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုဖြင့် ရှောင်တာနယ်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

“မစ္စတာ ရှောင်တာနယ် ကို အင်းစိန်ထောင်ကို ရွှေ့ထားပါတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက AFP ကို ပြောကြားခဲ့ပြီး ဘယ်အချိန်မှာ ပြောင်းရွှေ့ခဲ့တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

အဲဒီ ကိစ္စရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးနိုင်ဖို့အတွက် AFP သတင်းဌာနက ရန်ကုန်မြို့ရှိ  သြစတြေးလျသံရုံးကို ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပထမဆုံးနိုင်ငံခြားသားတစ်ဦးဖြစ်တဲ့ ရှောင်တာနယ်ဟာ ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ BBC နဲ့ ဖုန်းအင်တာဗျူးတစ်ခု ဖြေကြားဖူးတယ်လို့လည်း သိရပါတယ်။

“ကျွန်တော် အခုလောလောဆယ် ထိန်းသိမ်းခံထားရပြီး တစ်စုံတစ်ခုနဲ့ တရားစွဲခံရတာ ဖြစ်လာနိုင်ပါတယ်၊ အဲဒါ ဘာဖြစ် မယ်ဆိုတာ မသိပေမယ့် တရားစွဲဆိုမှုက လုံးဝဖြစ်နိုင်တာပါ” လို့ အဲဒီအချိန်က အသံလွှင့်ဌာနကို ဖြေကြားခဲ့တာပါ။

သူ့ကို စွဲဆိုထားတဲ့ ပြစ်မှုအသေးစိတ်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့်လည်း စစ်အစိုးရက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရှောင်တာနယ်ဟာ “လျှို့ဝှက်နိုင်ငံပိုင်ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်” ကို ရယူထားပြီး နိုင်ငံတွင်းက ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစပြီး သဘောထားကွဲလွဲမှုတွေကို စစ်တပ်က နှိမ်နင်းခဲ့ရာမှာ လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၅၀၀၀ အဖမ်းခံခဲ့ရတယ်လို့ ဒေသတွင်း စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ရာနှင့်ချီကို ရန်ကုန် အင်းစိန် အကျဉ်းထောင် မှာ ချုပ်နှောင်ထားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုမန်းကတော့ သူ့ရဲ့ နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်မှာ ဖော်ပြထားတဲ့ လိပ်စာနဲ့ မတူတဲ့ လိပ်စာမှာ နေထိုင်နေတာကို အသိပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ ဖမ်းဆီးခံရပြီးနောက် ဆယ်နှစ်ကြာ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူသူ တိုရူကူဘိုတာကိုလည်း အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.