တနင်္သာရီ၊ အောက်တိုဘာ (၁၉)

နှစ်ဖက် စစ်ရေး တင်းမာနေတဲ့ တနင်္သာရီတိုင်းဒေသကြီးထဲမှာ အာဏာသိမ်း စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ဒရုန်းတွေကို စတင် အသုံးပြုလာတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က စစ်ကောင်စီတပ်ဟာ ဒရုန်းတွေကို အသုံးပြုရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ကင်းထောက်ဖို့အတွက် အသုံးပြုရာကနေ အခုအခါမှာတော့ တိုက်ခိုက်ရေး ဒရုန်းတွေကို စတင် အသုံးပြုလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အခုလို တိုက်ခိုက်ရေး ဒရုန်းတွေ အသုံးပြုလာတာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကို တန်ပြန် လုပ်ဆောင်တာနဲ့ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်ဖို့ ကုန်ကျစရိတ်တွေ မတတ်နိုင်တော့တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ အသုံးပြု တိုက်ခိုက်လာမှုအပေါ် အကောင်ဆုံး ခုခံကာကွယ်သွားဖို့ အသင့်ပြင်ထားတယ်လို့ တနင်္သာရီစစ်ဒေသကွပ်ကဲရေး တာဝန်ခံ ဂျူပီတာက ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဒရုန်းပျံသန်းတာတွေ တွေ့ရှိပါက အပြင်ထွက်ကြည့်တာမျိုးမလုပ်ကြဘဲ အကာအကွယ်ရှိတဲ့ နေရာတွေနဲ့ သစ်ပင်ဝါပင်ကြီးလို ပုန်းကွယ်ရမယ့် နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းတာပါ။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေရှိ ကရင်ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီ ထုတ်ကုန် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရေး ဒရုန်းနဲ့ ပထမဦးဆုံးအကြိမ် လာရောက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.