ပေါက် – အောက်တိုဘာ(၁၈)

မကွေးတိုင်းပေါက်မြို့နယ်တောင်ပိုင်း သစ်ညီနောင်ရွာက ခေါင်းဖြတ်သတ်ခံလိုက်ရတဲ့ CDM ကျောင်းဆရာ ဦးစောထွန်းမိုး(ဆရာမိုး)အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီး ဌာနက အထူးဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆရာဦးစောမိုးထွန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၇) ရက်နေ့က ပေါက်မြို့နယ် တောင်ပိုင်း တောင် မြင့်ရွာမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဦးခေါင်းနဲ့ ခြေလက်တွေကို အပိုင်းပိုင်းဖြတ် တောက် ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့အပြင် အလယ်တန်းကျောင်းတံခါးမှာ ဆရာ ဦးစောထွန်းမိုးရဲ့ ဦးခေါင်းကို လူမဆန်စွာ ချိတ်ဆွဲသွားခဲ့သေးတယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီရဲ့ အခုလို တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ လူသားဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခံခဲ့ရတဲ့အတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူ ဝမ်းနည်းတယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ ကျေးရွာတွေကို မီးရှို့၊ဓားပြတိုက်နေတဲ့အပြင် ရွာသားတွေကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်တာ၊ကျေးရွာစာသင်ကျောင်းတွေကို မီးရှို့တာတွေလုပ်ဆောင်နေတဲ့ အပြင် ကျောင်းသား ကျောင်းသူတွေနဲ့ CDM ဆရာတွေကို လူမဆန်စွာ သတ်ဖြတ်နေတဲ့အတွက် ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာရှုံ့ချတယ်လို့ ဆိုထားပါတယ်။

ပညာရေးဝန်ကြီးဌာနက ဆရာဦးစောထွန်းမိုးလို နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကြောင့် ကျဆုံးခဲ့ ရတဲ့ ဆရာတွေကို မော်ကွန်းဝင်တော်လှန် ပညာသူရဲကောင်းတွေအဖြစ်မှတ်တမ်းတင် အလေးအမြတ် ပြုတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) လှုပ်ရှား မှု မှာ ပါဝင်ထားတဲ့ ပညာရေးဝန်ထမ်းသိန်းနဲ့ချီရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ လက် အောက်ခံ ကြားကာလပညာရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေရှိနေတယ်လို့ သိရပါ တယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.