ရန်ကုန်၊ အောက်တိုဘာ (၁၉)

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သော ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖို့ ပြောဆိုနေတာဟာ စစ်တပ် အာဏာတည်မြဲရေးသာ ဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ အပစ်ရပ်စာချုပ် NCA ချုပ်ဆိုခြင်း (၇) နှစ်ပြည့် မိန့်ခွန်းမှာ စစ်ခေါင်းဆောင်က တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် လိုလားချက်တွေကို အကောင် အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရမယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်NCA နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားမယ်လို့ စစ်ခေါင်းဆောင်က ဆိုထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်ကတော့ အာဏာသိမ်းလိုက်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖျက်ဆီးပြီးသားဖြစ်တဲ့အတွက် အခုလို ပြောဆိုမှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။

“သူတို့ ပြောနေတဲ့ ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာကို ကြည့်ခြင်းအားဖြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သူတို့ ထာဝစဉ် အာဏာရရေးအတွက် ရေးဆွဲထားတဲ့ အခြေခံဥပဒေတစ်ခု ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသနေတာ ဖြစ်တယ်။အဲဒီတော့ ကျွန်တော်တို့ က ၂၀၀၈ အခြေခံဥပ ဒေကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ကျွန်တော်နားလည်တာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဖျက်ဆီးပြီးသားဖြစ်တယ်၊ ၂၀၀၈ ကို လုံဝ အမှိုက်ခြင်းထဲကို ပစ်ပြီးသား ဖြစ်တယ်။၂၀၀၈ ကို ကျွန် တော်တို့ ဘာမှပြောစရာ အကြောင်းမရှိတော့ဘူး” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်ဖို့ မဖြစ်နိုင်တဲ့အတွက် အပစ်ရပ်စာချုပ် NCA ဟာလည်း ပျက်သုဉ်းသွားပြီလို့ ရဲဘော်ဆလိုင်းယောအောင်က ဆိုပါတယ်။

ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်တာဝန်ထမ်းဆောင်ရာမှာ ဖွဲ့စည်းပုံအခြေ ခံဥပဒေနဲ့အညီ ထမ်းဆောင်နေပြီး တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးကို လျှောက်လှမ်းကြဖို့နဲ့ NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်လာကြဖို့ ပြောဆိုလာတာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး(၁) ခူးဒယ်နီရယ်ကလည်း စစ်အုပ်စုဘက်က တိုင်းရင်းသားတွေကို အခွင့်အရေးပေးမယ်ဆိုတဲ့အပေါ် အယုံအကြည်မရှိသလို လက်ခံစရာလည်း မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းတယ်ပြောပြော ထိန်းတယ်ပြောပြော အဲဒီနောက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံလည်း ပျက်ပြီ၊ NCA လည်း ပျက်ပြီ၊ဘာမှ မရှိတော့ဘူး။သူ့အနေနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်မယ်၊ ဖက်ဒရယ်နိုင်ငံထူထောင်မယ်၊တိုင်းရင်းသားတွေကို အခွင့်အရေးပေးမယ်။အဲဒီလိုမျိုး တကယ်တမ်း စေတနာရှိခဲ့ရင် အာဏာသိမ်းစရာမလိုဘူး။အခု သူ အာဏာသိမ်းပြီး လူထုတွေကို ဒီလောက် သတ်တယ်၊ ဖြတ်တယ်၊ကျေးရွာတွေကို မီးရှို့တယ် စသဖြင့် လုပ်ပြီးတဲ့နောက်ပိုင်းမှာ ဖက်ဒရယ်နိုင်ငံထူထောင်မယ်၊ ငြိမ်းချမ်းရေးလုပ်မယ်၊ တိုင်းရင်းသားတွေကို အခွင့်အရေးပေးမယ်ဆိုတာ ပြောနေတာ ဘယ်သူမှ မယုံတော့ဘူး။ ကျွန်တော်တို့ အတွက်ကလည်း ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်မှာ မဟုတ်ဘူး။အဲဒါကို အယုံအကြည်မရှိဘူး”လို့ သူက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးကလည်း တိုင်းရင်းသားအရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒပါအချို့သောအချက်တွေကို ပြင်ဆင်ပေးမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ပါးစပ်ထဲတွေ့ကရာလျှောက်ပြောနေခြင်းသာဖြစ်ပြီး ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရန်သူဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။

ဒါအပြင် ၂၀၁၅ ခုနှစ်က NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တောက်လျှောက်လုပ်နေတဲ့အပေါ်မှာ စစ်တပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ကပ်ဖျက်ရပ်ဖျက်လုပ်ဆောင်နေခဲ့ပြီး သဘောတူညီချက်တွေကို အားလုံးဖောက်ဖျက်ခဲ့တယ်လို့ ဝေဖန်တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အဲဒါတွေ ပြန်ပြောနေတာဟာ ဘာမှ အဓိပွာယ်မရှိဘူး။ဒါတွေအားလုံးဟာ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေး ဆက်လက်ရပ်တည်ရေးအတွက် အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဖွဲ့ရဲ့ အစီအစဉ်သာ ဖြစ်ပြီး အဲဒီအစီအစဉ်ကို NUG၊ PDF၊ EAOs စတဲ့ အင်အားစုအသီးသီးက လက်မခံကြပါဘူး။ဒါကြောင့် အဲဒီအစီအစဉ်နဲ့ ဆက်ပြီး သွားနေရင်လည်း မြန်မာပြည်မှာ ငြိမ်းချမ်းရေး မဖြစ်ပေါ်နိုင်ဘူး၊ မတည်တံ့နိုင်ဘူး။ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ယူဆပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရပြီး အပစ်ရပ်ထိုးထားတဲ့ EAOs တွေ အပါအဝင် အပစ်ရပ်မထိုးထားတဲ့ အင်အားကြီး EAOs အဖွဲ့အစည်းတစ်ချို့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဟာ အခုအခါမှာတော့ တိုင်းရင်းသားတွေအတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပေးမယ်လို့ မက်လုံးပေးစည်းရုံးလာပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေကတော့ လက်မခံကြပါဘူး။

စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့နှစ် မတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.