သထုံ၊ အောက်တိုဘာ (၁၈)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ သထုံ- ဘားအံကားလမ်း၊ တိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကြာပန်းတိုးဂိတ်အနီးရှိ စစ်ကောင်စီတပ်နဲ့လက်အောက်ခံဌာနဆိုင်ရာ အဖွဲ့စုံရှိနေတဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ သထုံ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီ ပူးပေါင်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ ခမရ(၂၀၆) တပ်က လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုအတွင်း သထုံ-ဘားအံကားလမ်း ၁ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သလို စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက် လုပ် ဆောင်နေပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ကြာပန်းပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း KNLA ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၄၀ မမနဲ့ လာရောက် တိုက်ခိုက်ထားသလို အဲဒီတိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.