ကျိုက်ထို၊ အောက်တိုဘာ (၁၈)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ဇီးပြောင်းကျေးရွာအုပ်စုထဲကို တပ်အင်အား ၁၅၀ ကျော်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုဘက်ကို တပ်အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က စစ်စီကုန်းအနီးမှာ တစ်ကြိမ်၊ ကော့ရိတ်နဲ့ ပိန္နဲကုန်းကျေးရွာကြားမှာ တစ်ကြိမ် ၊ စုစုပေါင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ပိန္နဲကုန်းကျေးရွာ သချိုင်းနားမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပဒိုစောအေးနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ရှိ စစ်ကောင်စီ လုံခြုံးရေး ဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သွားရောက် တိုက်ခိုက်ပြီးနောက် အခုလို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ရာနဲ့ချီပြီး ဘေးလွတ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.