မော်လမြိုင်၊ အောက်တိုဘာ (၁၅)

နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မူလ NCA ပြဌာန်းချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်တော့ပေမယ့် NCA ရဲ့ အခြေခံမူ (၃) ရပ်ကို ကိုင်စွဲပြီး လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမှု ၇ နှစ်ပြည့်နေ့မှာ PPST က သဘောထား ထုတ်ပြန်လိုက်တာပါ။

PPST ကတော့ လူထုတွေ အကျပ်အတည်းကနေ လွတ်မြောက်ဖို့အတွက် NCA အခြေခံမူ (၃) ရပ် ဖြစ်တဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်သူ အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် NCA ဟာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ လက်ရှိ ပဋိပက္ခတွေကို ရပ်စဲလျော့နည်းစေပြီး လူထုအများစု လိုလားတောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပြန်လည်အစပျိုးတည်ဆောက်ဖို့ လမ်းစဖြစ်တယ်လို့ PPST ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီနောက်ပိုင်း နိုင်ငံရေးအခြေအနေအပြောင်းအလဲကြီးမားစွာ ဖြစ်ပေါ်လာတဲ့အတွက် နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ၊ ပဋိပက္ခတွေ ၊ လက်နက် ကိုင်ပဋိပက္ခတွေ ၊ တစ်နေ့ထက် တစ်နေ့ ကြီးထွားလာပြီး ပြည်သူတွေ အကျပ်အတည်းမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း PPST က ဆိုပါတယ်။

PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ အာဏာသိမ်းမှုကြောင့် NCA အကောင်အထည်ဖော်နေတဲ့ ယန္တရားရပ်တန့်သွားပေမယ့် NCA ရဲ့ အနှစ်သာရ သုံးချက်အပေါ် ရပ်တည်ပြီး နိုင်ငံရေး အကျပ်အတည်း ကျော်လွှားနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

NCA စာချုပ်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ရှစ်ဖွဲ့က နိုင်ငံတကာအသိသက်သေတွေ အရှေ့မှာ လက်မှတ်ရေး ထိုးခဲ့တာပါ။

အဲဒီနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA စာချုပ်မှာ ထပ်မံလက်မှတ်ရေးထိုးခဲ့တာကြောင့် အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ အထိ ရှိလာပါတယ်။

လက်ရှိမှာတော့ အပစ်ရပ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့အပါအဝင် အပစ်ရပ်မထိုးထားတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.