မော်လမြိုင်၊ အောက်တိုဘာ (၁၅)

မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ပွင့်လင်းရာသီ ရောက်လာပေမယ့် ကုန်ကြမ်းပစ္စည်း ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့အတွက် လုပ်ငန်းအများစု ပြန်မစနိုင်တော့ဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ မြန်မာငွေတန်ဖိုး ကျဆင်းပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် လုပ်ငန်းတွေ ရပ်နားထားကြတာပါ။

လက်ရှိမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်နေတဲ့အတွက် လုပ်ငန်း ၆၀ ရာခိုင်နှုန်းထက်မနည်း ဆက်လက် ရပ်နားထားတာ ဖြစ်ပြီး တချို့လုပ်ငန်းတွေကတော့ လုပ်လက်စ အလုပ်တွေကို အရှုံးနဲ့ခံပြီး လုပ်ကိုင်နေရတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ဈေးနှုန်းတွေ အရမ်း မြင့်နေတယ်လေ။ ဆောက်လုပ်ရေးပစ္စည်းဈေးတွေက အရမ်း မြင့်တာကို၊ အများစု ရပ်ထားကြတယ်။ အများအားဖြင့်တော့ နားနေတယ်။ (၆၀) ရာခိုင်နှုန်းလောက် ရပ်ထားတယ်။ တချို့တ လေတော့ လုပ်လက်စလေး တွေတော့ လုပ်နေကြတာပေါ့။ တင်ဒါ ဆွဲထားတယ်။ စာချုပ် ချုပ်ထားတော့ လုပ်နေရတယ်။ ဒါပေမယ့်လည်း အရှုံးနဲ့ လုပ်နေရတာပေါ့။ ဒီဈေးနဲ့ တော်ယုံတန်ယုံ မလုပ်နိုင်ကြဘူးလေ၊ ရပ်ထားတော့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်တာပေါ့၊ အလုပ်တော်တော် များများ အလုပ် မရှိကြဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ဒေါ်လာဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေ ထင်သလောက် ဈေးနှုန်းကျဆင်းခြင်း မရှိသလို တချို့ကုန်ကြမ်းပစ္စည်း ဈေးနှုန်းတွေဟာဆိုရင်လည်း အမြင့်တန်းမှာပဲ ဆက်ရှိ နေတာကြောင့် လုပ်ငန်း ပြန်လည်ပတ်ဖို့ အခက်ကြုံနေရတာပါ။

အခုလို အခြေအနေတွေကြောင့် ဆောက်လုပ်ရေး လုပ်ငန်း အများစု အကျိုးအမြတ် မရှိပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေကို မှီခို လုပ်ကိုင်နေကြတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် တနိုင်တပိုင်သာ ဆောင်ရွက်နိုင်တော့တယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ကလည်း ကိုယ့်အကျိုးအမြတ်ထက် စာရင်တော့ ကလေးတွေ အလုပ်မပျက်ဖို့ဘဲ လုပ်နေတာ ပေါ့နော်။ သူတို့ကြတော့ ကိုယ့်ကို မှီခိုနေရတော့ အလုပ်မရှိရင် စားဝတ်နေရေး အဆင်မပြေဘူးလေ။အဲ့တာကြောင့်မို့ ကျွန်တော်တို့ကတော့ အကျိုးအမြတ်ထက် စာရင် ကိုယ်လည် အိန္ဒြေ မပျက် အလုပ်လုပ် ရတယ်။ကလေးတွေလည်း သူတို့ အလုပ် အဆင်ပြေတာပဲလေ။ စားဝတ်နေရေး အဆင်ပြေရင် ရပြီးပေါ့။အကျိုးအမြတ်ကတော့ မမျှော်လင့် ရဲသေးဘူးပေါ့။ အရင်းလောက်ပဲ မရှုံးအောင် လုပ်နေကြရတာဘဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တခြား လုပ်စရာ အလုပ်လည်း ရှိမှ မရှိတာ။ ကိုယ့်တနိုင်ပဲ အဆောက်အဦး ဆိုလည်း တစ်လုံး နှစ်လုံး တော်ပြီး အများကြီးလည်း မယူနိုင်ဘူးလေ။ ဘာလို့ဆို ဈေးနဲ့က လုပ်ငန်းကြီးလေ ပိုအဆင်မပြေလေ ပေါ့နော်။ လုပ်ငန်းငယ်တွေ ကတော့ သူ့ဟာသူတော့ လိမ်ဖယ် လိမ်ဖယ်နဲ့ သွားလို့ ရတာပေါ့”လို့ ဆိုပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ အပြည့်အဝ မလည်ပတ်နိုင်သေးတာကြောင့် လုပ်ငန်းတချို့မှာ လုပ် သား လျော့ချ ထားရတာတွေ ရှိသလို ကျန်ရှိတဲ့ လုပ်သားတွေကိုလည်း လုပ်ခလစာနှုန်းထားတွေ လျော့ချထားရတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းကို မှီခို လုပ်ကိုင် နေကြတဲ့ ဆောက်လုပ်ရေး လုပ်သားပေါင်း သောင်းချီရှိပြီး တချို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားထားကြတဲ့အတွက် လုပ်သား ထောင်နဲ့ချီ အလုပ်လက်မဲ့ ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.