တနင်္သာရီ၊ အောက်တိုဘာ (၁၄)
အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ပွင့်လင်းရာသီမှာ တနင်္သာရီတိုင်းကို ကြည်ကြောင်း၊ရေ ကြောင်းအပြင် လိုအပ်ရင် ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ CDM အရာရှိတွေက ပြောပါတယ်။
စစ်ကောင်စီဟာ တနင်္သာရီတိုင်းကို လာမယ့် ပွင်းလင်းရာသီမှာ အပြင်းအထန် ထိုးစစ်ဆင်ဖို့အတွက် လက်ရှိမှာတော့ ရေလမ်းကိုအသုံးပြုပြီး လေယာဉ်ဆီပို့ဆောင်တာတွေ အပါအဝင် လက်နက်ခဲယမ်း သယ်ဆောင်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ပွင့်လင်းရာသီအချိန်တွေမှာ စစ်ကြောင်းထိုးလေ့ရှိပြီး အထိနာလာတဲ့ အခါမျိုးမှာ လေကြောင်းကို အသုံးပြုတာ အပါအဝင် ရေကြောင်းကိုလည်း အသင့်ပြင်ထားလေ့ရှိတယ်လို့ CDM ဗိုလ်ကြီး ဇေယျသူက ပြောပါတယ်။
ဒါကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီဘက်က ပြင်ဆင်လာတဲ့ အခြေအနေတွေကို အထူးသတိထား ဆောင်ရွက်ကြဖို့ တိုက်တွန်းတာပါ။
“ ရခိုင်နဲ့ တနင်္သာရီက ကျိမ်းသေတယ်၊ လေယာဉ်တင်မဟုတ်ဘူး၊ ရေယာဉ်ပါသုံးမှ။ မြိတ်လေတပ်စခန်းဌာနချုပ် ပေါ့နော်၊ ဒီတနင်္သာရီတိုင်းထဲမှာဆိုရင် အဲဒီလေတပ်စခန်းအတွက် လေယာဉ်ဆီကို သီလဝါဆိပ်ကမ်းကနေပြီးတော့ သံလွင်ရေတပ်ကို သင်္ဘောနဲ့ပို့တာ။ ဒါက ကျွန်တော် လုံးဝအတိအကျပဲ လိုအပ်ရင် တင့်ကားတွေက ကုန်းလမ်း တွေကနေမဟုတ်ဘဲနဲ့ ရေတပ်ကနေ ပို့ပေးလို့ရတယ်” လို့ ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ပထမအပတ်ကစပြီး တနင်္သာရီတိုင်းထဲက ကျေးရွာတချို့မှာ တင်အင်အား အလုံးအရင်းနဲ့ ဝင်ရောက် တပ်စွဲနေထိုင်တာတွေ လုပ်ဆောင်ထားပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေး ပြင်ဆင်မှုတွေအတွက် ရင်ဆိုင်ရမယ့်အခြေအနေကို အကောင်းဆုံး ကြိုတင်ပြင်ဆင်တာတွေ ဆောက်ရွက်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ အခြေအနေပေါ်မှာတော့ ကိုယ်တိုင်တော့ သိတယ်လေ၊ ရန်သူအခြေအနေကို အမြဲ တမ်း စောင့်ကြည့်နေတယ်၊ ရန်သူရဲ့ အားနည်းချက်ကို အမြဲတမ်း စောင့်ကြည့်ပြီးတော့ ဒီဘက်ကနေ ကျွန်တော်တို့ဘက်က အားသာချက်ဖြစ်အောင် လုပ်ပြီး သွားမှာပေါ့ ရင်ဆိုင်လာရမယ့် အခြေအနေကို အကောင်းဆုံးကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုတွေ ရှိလာတိုင်း စစ်မျက်နှာပြင် ကျယ် ပြန့်လာတဲ့အခါမျိုးမှာ လေကြောင်းနဲ့ ရေကြောင်းကို အားထားပြီး ထိုးစစ်ဆင်လေ့ရှိသလို တပ်အင်အားကို လေကြောင်းကနေ ဖြန့်ပို့တဲ့ နည်းလမ်းတွေကို သုံးလေ့ ရှိတယ်လို့လည်း CDM ဗိုလ်ကြီး ဇေယျသူက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးအဖွဲ့တွေ ထိခိုက်မှုရှိလာသလို အရပ်သား ပြည်သူတွေကိုလည်း ထိခိုက်မှု တွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေကလည်း စစ်ကောင်စီဘက်က စစ်ကြောင်းမထိုးလာခင်မှာ အခြေခံစားသောက် ကုန်ပစ္စည်းတွေကအစ ဝယ်ယူစုဆောင်းထားရတယ်လို့ တနင်္သာရီတိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ပွင့်လင်းရာသီရောက်ပြီးဆိုတာနဲ့ အန်တီတို့က အကုန်လုံးပြင်ဆင်ထားရတယ်၊ စစ်ကြောင်းထိုးလာရင် ရွာမှာ နေလို့မရတော့ဘူး၊ ထွက်ပြေးရတယ်၊ ကိုယ့်မိသားစုစားဖို့ ငါးပိတို့၊ ဆန်ဆီဆားတို့ကအစ ပြင်ဆင်ထားရတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ရေး ပြင်ဆင်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာသလို မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
နိုင်ငံတဝန်းမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာမှာ တနင်္သာရီတိုင်းဒေသကြီးကလည်း အင်အားအကောင်းဆုံး ဒေသတစ်ခုထဲမှာ ပါဝင်ပြီး စစ်ကောင်စီကို တော်လှန်နေတဲ့ ပြောက်ကျားတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၀ ထက်မနည်း ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်