မော်လမြိုင်၊ အောက်တိုဘာ (၁၅)
ထိုင်းနိုင်ငံထဲကို နယ်စပ်ဒေသတွေကနေတစ်ဆင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေဟာ ကျဆင်သွားခြင်း မရှိဘဲ ဆက်လက် မြင့်တက်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ၊ ပုံမှန်ဝင်ငွေ မရှိတာအပြင် မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံထဲကို နေ့စဉ်နဲ့အမျှ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေတာပါ။
ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပျမ်းမျှအနေနဲ့ တစ်လကို လူဦးရေ ၃၀၀၀ ကနေ ၄၀၀၀ ထိ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်(MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပဲ ပြောပါတယ်။
“လက်ရှိအခြေအနေထိကတော့လေ ကျနော်တို့ ကိုယ့်နိုင်ငံတွင်းမှာလည်း အလုပ်အကိုင်ကလည်းမရှိ လုံခြုံမှုလည်းမရှိ အရာအားလုံးက အခက်အခဲများနဲ့ကြုံတွေ့နေရတဲ့အခါကျတော့ ပြည်တွင်းမှာရှိတဲ့ အရွယ်ရောက်ရှိပြီး အလုပ်လုပ်နိုင်တဲ့လူငယ်တွေအများစုကတော့ လွယ်လွယ်ကူကူနဲ့သွားလို့ရတဲ့ အိမ်နီးချင်းနိုင်ငံဆိုတော့ ထိုင်းပဲရှိတယ်။ နောက် ဒီထိုင်းကိုရောက်လာရင်လည်း အလုပ်အကိုင်တွေက လွယ်လွယ်ကူကူရနိုင်တယ်ဆိုတဲ့ တွေးခေါ်ချက်တွေနဲ့ ထိုင်းကိုတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ အနေအထားမျိုးကတော့ ရပ်တန့်သွားတာမျိုးမရှိပဲနဲ့ ပုံမှန်ရှိနေပါသေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်းအစိုးရဟာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်လုပ်ကိုင်ခွင့်ကတ်ဒ် (ပန်းရောင်ကဒ်)တွေ ပြုလုပ်ပေးဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ(၁)ရက်ကနေ (၁၅)ရက်နေ့အထိ အွန်လိုင်းစနစ်ကနေ လျှောက်ထားပြုလုပ်ဖို့ ခွင့်ပြုပေးခဲ့တာပါ။
ဒါပေမယ့် အဲဒီကာလနောက်ပိုင်းမှာ ရောက်ရှိလာတဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေအတွက် ပန်းရောင်ကဒ်ပြုလုပ်ဖို့ အချိန်မမှီတာတွေရှိတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဦးအောင်ကျော်က ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်အရ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်လမ်းကြောင်းကနေ ထိုင်းဘက်ကို ပို့ဆောင်ပေးနေပေမယ့် နယ်စပ်တစ်လျှောက်မှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်ဝင်ရောက်ဖြတ်ကျော်လာမှုဟာ နေ့စဉ်လိုလို ဆက်ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်