ကျိုက်ထို၊ အောက်တိုဘာ (၁၅)
မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်တက်ကားဂိတ် ပစ်ခတ်အတွင်း ဘုရားဖူးပြည်သူတွေ ထိခိုက်သေ ဆုံးမှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုက အောက်တိုဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိတ်ဖက်တော်လှန်ရေးအင်အားစုတွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘုရားဖူးဧည့်သည် အမျိုးသမီး(၃)ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
တိုက်ခိုက်မှုအတွင်း ကင်မွန်းချောင်းရဲစခန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် လက်နက်ကြီးကျည်တွေဟာ ကင်မွန်းချောင်းကျေးရွာ ကျောင်းစုပိုင်း ဒေါ်လှရွှေရဲ့ အိမ်ခေါင်မိုးပေါ်တစ်လုံးကျ ရောက် ပေါက်ကွဲခဲ့သလို ဦးသန်းအေးရဲ့ သား ငပု (ခေါ်) စောနန်းဝင်း ညာဖက်လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အောင်အောင်အလှပြင်ဆိုင်ရှေ့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၄၀)ဝန်းကျင် ဒေါ်ဂျမ်းပုံရဲ့ နောက်ကျောနဲ့ သမီးဖြစ်သူ(၅)နှစ်အရွယ် မဝက်မလေးရဲ့ ညာဖက် လက်မောင်း လက်နက်ကြီးကျည်စ ထိမှန်ကာ ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုဟာ KNLA တပ်မဟာ(၁)နဲ့NUG၊ CRPHတို့ရဲ့ လက်ဝေခံ PDF အဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ပစ်ခတ်လို့ ဘုရားဖူးပြည်သူ ၃ ဦးသေဆူံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကလည်း ဒီပစ်ခတ်မှုမှာ ပြည်သူတွေကို ဘယ်အဖွဲ့က ပစ်လဲဆိုတာ စစ်ကောင်စီအနေနဲ့ တောင်တက်ဂိတ်အနီးမှာရှိတဲ့ CCTV မှတ်တမ်းတွေကို ပြည်သူတွေကို ချပြဖို့ လိုတယ်လို့ ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ စစ်ကောင်စီထောက်ခံသူ တယ်လီဂရပ်အကောင့်တွေကနေ ကျိုက်ထီးရိုးတောက်တက်ကားဂိတ်ပစ်ခတ်မှု CCTV မှတ်တမ်းအတို ဖိုင် ၂ ခုကို ဖော်ပြထားတာ တွေ့ရပေမယ့် ဘက်ပေါင်းစုံက CCTV မှတ်တမ်းတွေကိုတော့ တင်ထားတာမတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်