ရေဖြူ၊ အောက်တိုဘာ (၁၅)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်အင်အား ၁၅ ဦးလောက် လုံခြုံရေးယူထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက် ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်ငိုက်သွားရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု နာရီဝက်နီးပါးကြား ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်တပ်သားတွေရဲ့ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို စစ်အကူလာပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမှတ်(၄၀၆) တပ်ရင်းထံ ပြန်လည် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်ဟာ မြစ်ကမ်းဘေးတစ်လျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေနေသလို လမ်းသွားလမ်းလာပြည်သူတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
ကလိန်အောင်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားကားတွေနဲ့ ခရီးသည်တွေအပြင် ဖြတ်သွားဖြတ်လာ ဆိုင်ကယ်တွေနဲ့ ဈေးသည်တွေကိုလည်း မကြာခဏဆိုသလို ဖမ်းဆီးငွေညှစ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
သတင်း- သံလွင်တိုင်းမ်