ဖာပွန်၊ အောက်တိုဘာ (၁၄)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၀)ရက်နေ့က စစ်ကောင်စီတပ်ကို KNU ဖာပွန်ခရိုင် လူသောမြို့နယ်မှာ(၁) ကြိမ်၊ ဒွယ်လိုးမြို့နယ်မှာ (၁)ကြိမ်နဲ့ ဘူးသိုမြို့နယ်မှာ(၁)ကြိမ် ချုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ (၉) ရက်နေ့ကလည်း ဖာပွန်မြို့၊ ကူးဆိပ်ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ကို KNLA တပ်က သွားရောက် တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

အောက်တိုဘာ(၈)ရက်နေ့နဲ့ အောက်တိုဘာ(၇)ရက်နေ့တုန်းကလည်း ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မ ဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ(၄)ကြိမ်ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က(၅)ဦးသေဆုံးခဲ့သလို (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ဆိုထားပါတယ်။

၄ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခတ်တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင် နေထိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.