အမှန်/အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မောင်တောမြို့နယ်မြောက်ပိုင်းမှာရဲကင်းစခန်း တစ်ခုဖြစ်တဲ့ မိုင်တိုင်(၄၀) ရဲကင်းစခန်းကို ARSA အကြမ်းဖက် ဘင်္ဂါလီအဖွဲ့နှင့် AAအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်” ဆိုတဲ့အကြောင်းအရာကို စိစစ်ပေးသွားမှာပါ။
ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလနောက်ဆုံးပတ်နဲ့ အောက်တိုဘာလ ပထမပတ်အတွင်းမှာ ဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။ စစ်တပ်ကို ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ Kyaw Swar, တောင်ပေါ်သား, BaNyunt စတဲ့ အကောင့်တွေကနေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့သတင်းအမှားကို ဖြန့်ဝေနေတာ စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီအကောင့်တုတွေ ဖြန့်ဝေနေသလိုမဟုတ်ဘဲ အဆိုပါစခန်းသိမ်းတိုက်ပွဲကိုရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို ARAKAN ARMY ဝက်ဘ်ဆိုဒ်မှာသတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ဒါ့အပြင် AA အဖွဲ့ဟာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ARSA အာဆာအဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက် နေတယ်လို့စစ်ကောင်စီဘက်က စွပ်စွဲပြောဆိုထားပြီး ရက္ခိုင့်တပ်တော် (AA) ကတော့ သူတို့ဟာ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ ARSA အာဆာ အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာမရှိဘူးလို့လည်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက RFAသတင်းဌာနကို ဖြေထားတာကို တွေ့ရပါတယ်။
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မောင်တောမြို့နယ်မြောက်ပိုင်းမှာ ရဲကင်းစခန်း တစ်ခုဖြစ်တဲ့ မိုင်တိုင်(၄၀)ရဲကင်းစခန်းကို ARSAအကြမ်းဖက်ဘင်္ဂါလီအဖွဲ့နှင့် AA အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်” ဆိုတဲ့ ထုတ်ပြန်ချက်စာသည် သက်သေအခိုင်အလုံမရှိတဲ့ သတင်းထုတ်ပြန်ချက်စာအတု တခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်