ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သဘော ထား ထုတ်ပြန်ခဲ့တဲ့အတွက် ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က အောက် တိုဘာ ၁၂ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီ ကော်မရှင်ဘက်က ဘာတွေ ပြောဆိုလာသလဲ၊ ဒီအပေါ်မှာ ရခိုင်အမျိုးသားပါတီကရော ဘာတွေ တုံ့ပြန်လိုက်သလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး ရခိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တဲ့အတွက် စစ်ကောင်စီ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီ ကော်မရှင်ဘက်က ဘာတွေ ပြောဆိုလာလဲ။
အားလုံးသိတဲ့အတိုင်းပဲ။ သဘောထားကြေငြာချက် ၁/၂၀၂၂ စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ သဘောထားကြေငြာ ချက်နဲ့ပက်သက်ပြီးတော့ မေးမြန်းလိုတယ်ဆိုပြီးတော့ကျနော်တို့ဆီကိုစာပို့တယ်။ ဖိတ်တာကတော့ ဥက္ကဌရယ်၊ နောက် CEC တစ်ယောက်၊ အထွေထွေ အတွင်းရေးမှူးပါရမယ် ဆိုပြီးတော့ပါတယ်။ ဒါပေမယ့် ဘယ်အကြောင်းအရာနဲ့ ရှင်းမယ်ဆိုတဲ့ ပြော ကြားချက်ကတော့ ခေါ်တဲ့စာထဲမှာဖော်ပြထားတာမရှိဘူး။ အဲဒီတော့ အခုဒီနေ့တွေ့တယ်။ ပါတီက CEC တွေ၊ ကျွန်တော်တို့ ပြန်လာကြပါပြီ။ ဒီသဘောထား ထုတ်ပြန်ချက်မှာ ပါလာတဲ့အချက်တွေက မျှမျှတတ ဖြစ်ဖို့လိုတာပေါ့။ မြန်မာ့ တပ်မတော်က ပစ်ခတ်တာ ပြည်သူတွေ သေကြတာ ဖော်ပြတာပဲ ရှိတယ်။ ဒါပေမယ့် တခြားAAတပ်တော်က မောင်းတော နယ်စပ်မှာ ဖြစ်တဲ့ ကိစ္စတွေမှာလည်း ပြည်သူတွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ အချက်တွေ သူတို့ဆီမှာ အထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်ပေါ့။ အဲ့ဒါကြောင့ ်နိုင်ငံရေးပါတီတွေအနေနဲ့ သတင်းဖော်ပြရင် အဖြစ်မှန်တွေကို ဖော်ပြဖို့ လိုတယ်ဆိုပြီးတော့ ပြောတာပဲရှိတယ်။ တခြားထွေထွေထူးထူးပြောတာတော့မရှိဘူးလို့ ကျွန်တော်သိရတယ်။
-စစ်ကောင်စီ ကော်မရှင်ရဲ့ ပြောဆိုမှုအပေါ် ရခိုင်အမျိုးသားပါတီ ဘက်ကရော ဘယ်လို ပြန်လည် တုံ့ပြန်လိုက်တာ ရှိလဲ။
ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်မှာ အမျိုးသားရေးကို အခြေခံပြီးတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတခု ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ရခိုင်ပြည်သူတွေရဲ့ မဲဆန္ဒရှင်တွေရဲ့ အခက် အခဲတွေတွေ့ကြုံလာရတဲ့အခါ သက်သာ ရာရ ဖို့နဲ့ ပြည်သူလူထုရဲ့ အခက်အခဲတွေ ထပ်မံပြီးတော့ မဖြစ်ပွားဖို့အတွက် လိုအပ်တဲ့ တောင်းဆိုချက်တွေကို နိုင်ငံရေးပါတီ တစ်ခုရဲ့ တာဝန်ဝတ္တရားနဲ့အညီ ကျွန်တော်တို့ သဘောထား ထုတ်ပြန်တာ ဖြစ်တယ်။ သတင်းတွေမှာ ဖော်ပြချက်သော်လည်း ကောင်း၊ မဲဆန္ဒရှင်တွေရဲ့ ပြောကြားချက်အပေါ်မှာသော်လည်းကောင်း အခြေခံကာ ကျွန်တော်တို့ ထုတ်ပြန်ထားတာ ဖြစ်တယ်။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီထုတ်ပြန်လိုက်တာလို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
-နောက်ဆုံးအနေနဲ့ ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီ ကော်မရှင်ဘက်က ပါတီဖျက်သိမ်းနိုင်တယ်လို့ ခြိမ်းခြောက်တို့ ဖိအားပေးတို့ ဘာတို့ ရှိခဲ့လား။
ဖိအားပေးတာတွေတော့မရှိပါဘူး။ ပါတီအနေနဲ့သဘောထားကြေငြာချက်တွေကို ထုတ်ပြန်တဲ့အခါ တဖက်သတ်မဖြစ်ဘဲ မျှမျှတတ ထုတ်ပြန်တာ ပိုပြီးတော့ သင့်တော်တယ်ဆိုတဲ့ အပိုင်းလေးတွေပဲ တွေ့ဆုံဆွေးနွေးတယ်လို့သိရပါတယ်။