ကန်ဘာရာ – အောက်တိုဘာ(၁၄)
ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို စစ်ရေးလေ့ကျင့်မှုပေးဖို့ အတွက် အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီစ့်က ပြောပါတယ်။
ယူကရိန်း သမ္မတ ဇီလန်စကီးနဲ့ ယူကရိန်းစစ်ပွဲအတွက် သြစတြေးလျရဲ့ နောက်ထပ် ပံ့ပိုးကူညီမှုတွေ သေချာပေါက် လုပ်ပေး သွားမယ်လို့ ဝန်ကြီးချုပ်က မီဒီယာတွေကို ပြောကြားခဲ့တာပါ။
သြစတြေးလျ အစိုးရအနေနဲ့ ယူကရိန်း စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးဖို့ စဉ်းစားထားပြီး ရုရှားရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားနေမှုကိုလည်း ထိတ်လန့်စရာ တော်တော်ကောင်းတဲ့ တိုက်ခိုက်မှုတွေ အဖြစ်ပြောကြား ခဲ့ပါတယ်။
စစ်သင်တန်း ပေးဖို့နေရာနဲ့ ပတ်သက်ပြီး သြစတြေးလျ သင်တန်းဆရာတွေကို ယူကရိန်းကို စေလွှတ်မယ်လု့ိ့ မီဒီယာတွေက ထင်ကြေးပေးနေကြပေမယ့် အချို့သော သတင်းဌာနတွေကတော့ လေ့ကျင့်ရေးဟာ ယူကရိန်းပိုင်နက်ထဲမှာ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ခန့်မှန်းသုံးသပ်နေကြတာပါ။
“လွန်ခဲ့တဲ့လအနည်းငယ်က အရပ်သားနေရာတွေကို ပစ်မှတ်ထားခဲ့တဲ့ ရုရှားရဲ့ရန်လိုမှုကြောင့် သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ယူကရိန်း ပြည်သူတွေအတွက် သြစတြေးလျပြည်သူတွေရဲ့ ဝမ်းနည်းကြောင်းကို ယူကရိန်းသမ္မထထံ ပေးပို့ခဲ့ပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာအတွက်တင် မဟုတ်ဘဲ တိုက်ပွဲတစ်ခုပါလို့ ပြောကြားခဲ့တာပါ။ နေတိုးအဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့်လည်း ယူကရိန်းအတွက် သြစတြေးလျဟာ အကြီးမား ဆုံးပံ့ပိုးကူညီသူဖြစ်ပါတယ်လို့ ဆက်လက်ပြောခဲ့တာပါ။
သြစတြေးလျဟာ ယူကရိန်းရဲ့ စစ်ရေးအကူအညီအတွက် သြစတြေးလျဒေါ်လာ သန်း ၅၀၀ခန့်အထိ ကျခံသုံးစွဲပြီး ကူညီခဲ့ တာပါ။
အောက်တိုဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဇီလန်စကီးက လေကြောင်းရန်ကာကွယ်ရေး စွမ်းရည် ပိုမိုရရှိဖို့ (G7) နိုင်ငံခေါင်းဆောင်တွေထံ မေတ္တာရပ်ခံပြီးနောက်မှာ ဒီလို သြစတြေးလျဝန်ကြီးချုပ်ရဲ့ မှတ်ချက်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တဲ့ G7 ပူးတွဲကြေညာချက်မှာတော့ ယူကရိန်းကို ဘဏ္ဍာရေး၊ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာအရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ ပံ့ပိုးကူညီမှုတွေကို ဆက်လက်ထားရှိဖို့ ကတိပြုခဲ့ကြတာပါ။
ဒါ့အပြင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုပြုလုပ်ခြင်းဟာ စစ်ရာဇဝတ်မှုတွေဖြစ်ပြီး သမ္မတပူတင်နှင့် တာဝန်ရှိသူတွေကို အရေး ယူနိုင်ဖို့ ကတိပြုကြောင်း ထပ်လောင်းပြောကြားထားပါတယ်။
Ref: Aljazeera