ဘားအံ၊ အောက်တိုဘာ (၁၄)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာ ဇာသပြင်ကနေ ဘားအံဘက်ကိုပြန်လာတဲ့ စစ်ကောင်စီတပ်က လမ်းမကြီးတစ်လျှောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေထဲ ကလေးတွေပါဝင်တယ်လို့ KNU ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင် ဒုံရင်းမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ(၁၂)ရက်နေ့ မနက်(၉)နာရီခွဲဝန်းကျင်က ဇာသပြင်ဘက်ကနေ ဘားအံဘက်ကိုပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကော့ပရံကျေးရွာအရောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အလကကော့ပရံစာသင်ကျောင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မောက်မောက်လာကျေးရွာက ရွာသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး၊ မူကဝါကျေးက ရွာသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် အဲဒီပစ်ခတ်မှုဖြစ်စဉ်မှာ ဘားအံ-ဇာသပြင် လမ်းမကြီးအနီးအနားက လူကြီး(၂)ဦး၊ ကလေးသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အတိအကျကို မြို့နယ်တာဝန်ရှိသူတွေက ဆက်လက်အတည်ပြုရယူနေတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။
ရမ်းသမ်းပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီထုံးအိုင်ရဲစခန်းရှိ ရဲတွေကလည်း လာရောက်စစ်ဆေးခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတပ်မကိုတော့ မသိရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ကော့ပရံကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ် မော်လမြိုင်-ဖားအံ ကားလမ်းမကြီးဘေးမှာ တည်ရှိပြီး စစ်အာဏာသိမ်းပြီးမှ မနေ့ပစ်ခတ်မှုမဖြစ်ခင်အထိ အေးအေးချမ်းချမ်းရှိတဲ့ ရွာကြီးတစ်ရွာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်