မော်လမြိုင်၊ အောက်တိုဘာ (၁၄)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတယ်လို့ ခွန်မြင့်ထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ လေသာလမ်းမှာ ရှိတဲ့ ခွန်မြင့်ထွန်း မိဘပိုင်နေအိမ်ကို စစ်ကောင်စီက လာရောက်ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ဟာ NLD ပါတီစတင် တည်ထောင်စဉ်ကတည်း ဖခင်ဖြစ်သူ ကိုယ်တိုင် ရုံးစိုက်ခွင့်ပေးထားခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ပါတီရုံးစိုက်ထားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
နေအိမ်ချိတ်ပိတ်မှုဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် NLD ပါတီရုံးတွေကို ကြိုတင်ရှင်းလင်းတာ ဒါမှမဟုတ် သူကိုယ်တိုင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီမှာ ပါဝင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်ရွက်နေတဲ့အတွက် ချိတ်ပိတ်တာ ဖြစ်နိုင်တယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။
ဒါပေမယ့် NLD ပါတီရုံးစိုက်ထားတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်ကောင်စီက ဘာကြောင့် ချိတ်ပိတ်သွားလဲဆိုတာ လက်ရှိအချိန်ထိ မသိရသေးပါဘူး။
စစ်ကောင်စီကတော့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့အတွက် ချိတ်ပိတ်ရတာလို့ ဆိုထားပါတယ်။
NLD ပါတီရုံးစိုက်ထားတဲ့ ခွန်မြင့်ထွန်းရဲ့ မိဘပိုင်နေအိမ်ကို စစ်တပ် အာဏာသိမ်းတဲ့ အစပိုင်းကာလတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝင်ရောက် မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ခွန်မြင့်ထွန်းဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သလို၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှာ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ၊ ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး လက်ရှိမှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်