တနင်္သာရီ – အောက်တိုဘာ(၁၃)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု ထုံမခါရွာနဲ့ သဘော့လိပ်ကျေးရွာကြားက ဘုရားတောင်နားမှာ အောက်တိုဘာ ၁၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သဘော့လိပ်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား(၇၀) ကျော်ပါတဲ့ စစ်ကြောင်းနဲ့ တနင်္သာရီ ပကဖ မဟာမိတ်တပ်ပေါင်းစုတို့ကြား မနက်(၁၀) နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပြီး တိုက်ပွဲကြာချိန်မိနစ်(၂၀) လောက်မှာ စစ်ကောင်စီဘက်က (၃) ဦးသေဆုံးခဲ့တာပါ။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာချိန်မှာ မြေမအုံကျေးရွာက ဒေသခံ(၁၀)ဦးကျော်ကို လူသား ဒိုင်းအဖြစ်ဖမ်းဆီးလာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပြီးနောက် တချို့ကတော့ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့က ညောင်ပင်ကွင်းရွာက ၅၆၁ တပ်မှာ အင်အားဖြည့်ထားတာ။ အခုအဖွဲ့ကလည်း အဲ့ကနေ ထွက်လာတာ၊ PDF တွေရှိတဲ့ဘက်ကို စစ်ကြောင်းထိုးဖို့လာတာ၊ အဲဒါကို သတင်းရလို့ ကြားဖြတ်တိုက်တာ၊ တိုက်ပွဲကတော့ မိနစ် ၂၀ လောက်ပဲ ကြာတယ်”လို့ ဘက်မလိုက် ပြောက်ကျားအဖွဲ့တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ထုံမခါ၊သဘော့လိပ်၊ကျေးရွာတွေအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ (၇) ရွာက ဒေသခံ(၁၀၀၀) ကျော်ဟာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေကို ထွက်ပြေးနေရ တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မဟာမိတ်တပ်ပေါင်းစုဘက်ကတော့ ထိခိုက်သေဆုံးတာတွေမရှိဘူးလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးဖို့ စစ်ရေးပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင် နေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်စစ်ရေးတင်းမာနေသလို မကြာခဏ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.