မော်လမြိုင် – အောက်တိုဘာ(၁၃)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ စစ်ရေး၊နိုင်ငံရေးအရ ဖြေရှင်းရမယ့် ကိစ္စတွေကို သေချာပြင်ဆင်ထားဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ပြုကော်မတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

“တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ ရင်ဆိုင်ဖြေရှင်းရမယ် အရေးကိစ္စတွေကလည်း များပြား လာမှာဖြစ်တယ်၊ နိုင်ငံရေးအရဖြေရှင်းရမယ် အရေးကိစ္စတွေရှိသကဲ့သို့ စစ်ရေးအရ ဖြေရှင်းရမယ့် အရေး ကိစ္စတွေလည်းရှိမှာဖြစ်တယ်၊ အစိုးရအဖွဲ့အနေနဲ့ သေချာ ပြင်ဆင်ထားဖို့လိုအပ်တယ်ဆိုတာနဲ့ အဲဒီလို ပြင်ဆင်နိုင်ဖို့အတွက် အားလုံးရဲ့ အကြံပြုချက်တွေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး မှုတွေ လိုအပ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်ထဲက မဟာမိတ်တိုင်းရင်းသားတွေနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားနဲ့ ရှေ့ဆက်ကြပြီး တော်လှန်ရေးကို အောင်မြင်စွာနဲ့ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အားလုံးအတူ ကြိုးစားကြဖို့လည်း သူက ပြောပါသေးတယ်။

အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယဝန်ကြီး တွေ၊အမြဲတမ်းအတွင်းဝန်တွေ၊သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက တော်လှန်ရေးတစ်နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်တွေကို ပြောဆိုခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တွေက မြင်ပြင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ သိလိုတာတွေမေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်မ်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.