ထားလွိုင်ကော်၊ အောက်တိုဘာ (၁၄)

ကယားပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးသူငယ် ၇၀ ထက်မနည်း ထိခိုက်သေဆုံးထားတယ်လို့ ကရင်နီလူ့အခွင့် အ ရေး စောင့်ကြည့်သူတွေရဲ့ စာရင်းအရ သိရပါတယ်။

အဲဒီထဲမှာတော့ လက်နက်ကြီး ထိမှန်တာကြောင့် သေဆုံးထားတဲ့ ကလေးသူငယ် ၂၀ ကျော် ပါဝင်ပြီး ကျန်ရှိတဲ့ ကလေးသူငယ် ၅၀ ဦးကတော့ ထိခိုက်ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာပဲ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်သူ ၂၀ ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ တစ်ဦးကတော့ ကလေးသူငယ်ကို အခုလို တိုက်ခိုက်မှုအပေါ် မလက်ခံနိုင်သလို တချိန်မှာ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နှုတ်ဆိတ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ရှောင်နေမယ်ဆိုရင် ဒီနိုင်ငံကနေ တရားဝင်ထွက်ခွာသွားဖို့ ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။

ကယားပြည်နယ်မှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၂) သိန်းကျော်ရှိနေပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာ ပြီးခဲ့တဲ့လအထိ (၃၂၁) ဦးအထိရှိလာခဲ့တယ်လို့ သိရပါ တယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊လေကြောင်း တိုက်ခိုက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ကလေးသူငယ်(၃၅၀) ကျော်သေဆုံးထားပြီး ဓားစာခံ အဖြစ်ဖမ်းဆီးခံထားရတဲ့ ကလေးငယ်တွေလည်းရှိနေတာပါ။

အာဏာရှင်ကိုဆန့်ကျင်နေတဲ့ မိဘတွေကို ဖိအားပေးဖို့အတွက် ဓားစာခံအဖြစ်ဖမ်းဆီး ခံထားရတဲ့ ကလေးငယ်(၆၅) ဦးရှိပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးငယ်(၁၄၀၀၀) ကျော်ရှိကာ အဲ့ဒီထဲက ကလေးငယ်ထက်ဝက်ကျော်ဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်လို့ CRPH က ထုတ်ပြန်ထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.